◾️အိမ်ခြေမဲ့ တောင်းရမ်းသူများထံမှ ရိုက်နှက်လုယက်မှုများ မကြာခဏဖြစ်ပွားနေဟု ဆို
၁၀. ၄ .၂၀၂၃
Written by Hey Mar
မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းကွင်း စီးတီးမတ်ဘေးတွင် လူတစ်ဦးအရိုက်ခံရပြီး ငွေလုယက်ခံရသည့်ဖြစ်စဥ် ယမန့်နေ့ ဧပြီလ ၉ ရက်နေ့ နေ့လည်က ဖြစ်ပွားခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။
အရိုက်ခံရသူမှာ အိမ်ခြေမဲ့နေထိုင်သူ ဦးသိန်းဦး (၅၃ နှစ်) ဖြစ်ပြီး ရိုက်နှက်ခံရသည့်အတွက် ဦးခေါင်းဘယ်ဘက်ချိုစောင်းကွဲကာ ၁၃ ချက်ချုပ်ခဲ့ရပြီး ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ကုသမှုဌာနတွင် ကုသမှုခံယူခဲ့ရကြောင်း သိရသည်။
သွားရောက်ကူညီခဲ့သူ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက “အိမ်ခြေမဲ့တွေ အခုလို အရိုက်ခံရတာကို ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးရတဲ့ ဖြစ်စဥ်က မိတ်ဖက်အဖွဲ့အစည်းတွေဆီက သတင်းတွေအရဆိုရင် အခု ဖြစ်စဥ်က ပထမဆုံးအကြိမ် မဟုတ်တော့ဘူး”ဟု ဆိုသည်။
အိမ်ခြေမဲ့အများစုမှာ တောင်းရမ်းစားသောက်သူများဖြစ်ကြသဖြင့် လက်ထဲတွင် ရှိနေသော ငွေကို လိုချင်သည့်အတွက် လူတစ်စုက အုပ်စုဖွဲ့ ရိုက်နှက်ကာ ရန်ဖြစ်နေသယောင် ပုံဖော် လုယက်သွားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“နေ့ခင်းကြောင်တောင် အနီးအနားမှာ လူတွေရှိနေရက်နဲ့ လုပ်သွားတာ။ အောင်ဆန်းကွင်း၊ စီးတီးမတ်ရော ဘဏ်တွေရော။လုတဲ့သူတွေကလည်း ခက်ခဲကျပ်တည်းနေတဲ့ကာလမှာ အလွယ်လုပ်လာကြတာ။ ဒီလို အိမ်ခြေမဲ့ကို ရိုက်လို့လည်း ဘာပြဿနာ ပြန်ရှာနိုင်မှာလဲဆိုတဲ့ သဘောမျိုးပေါ့”ဟု မျက်မြင်ကြုံတွေ့သူတစ်ဦးကလည်း သူ့အမြင်ကိုပြောသည်။
အဆိုပါ အိမ်ခြေမဲ့အား လုယက်ခဲ့သည့် အဖွဲ့ကို ရဲတပ်ဖွဲ့မှ လိုက်လံ စုံစမ်းဖော်ထုတ်နေပြီး လုယက်ရိုက်နှက်ခံရသူ ဦးသိန်းဦးမှာ ဒဏ်ရာများသည်က တစ်ကြောင်း၊ ကူညီကြည့်ရှုပေးမည့် မိသားစုဆွေမျိုးများလည်း မရှိသည့်အတွက် ရဲစခန်းမှ ထောက်ခံချက်ပေးကာ သန်လျင်သဘာဝတရားရိပ်သာတွင် နေထိုင်ဆေးကုသနိုင်ရန် မင်္ဂလာတောင်ညွှန့်လူငယ်များအသင်းပိုင် သူနာတင်ယာဥ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။