၁၀. ၄. ၂၀၂၃
Written by Hey Mar
ရန်ကုန် – မန္တလေး အမြန်လမ်းပေါ် ၌ ယာဥ်မီးလောင်မှုကြောင့် ယာဥ်ပေါ်ပါ အမျိုးသား ၃ ဦး သေဆုံးခဲ့သည့်ဖြစ်စဥ် ယနေ့ ဧပြီလ ၁၀ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၂၅/၆)နှင့် (၃၂၅/၇)ကြားတွင် Honda Civic အမျိုးအစားယာဉ်(၁)စီးသည် လမ်းဘေးရှိ ဘယ်ရီယာတုံးအား ဝင်ရောက်တိုက်မိပြီး ၊ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုကို သွားရောက်ကူညီခဲ့သူ ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက “အရှိန်လွန်မောင်းနှင်ပြီး လမ်းဘေးက ဘယ်ရီယာတုံးဝင်တိုက်တာမှာ မီးပွင့်ပြီး လောင်တာ။ ကျွန်တော်မီးငြှိမ်းသတ်ပြီးတော့ အမျိုးသား၂ ဦးက သေဆုံးနေပြီ။ နောက်ခန်းက အမျိုးသားက ကားပေါ်ကနေ အပြင်ထုတ်ချိန်မှ ဆုံးတာ”ဟု MT News ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
အဆိုပါ ယာဥ်မီးလောင်မှုကို ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မွန်းမတည့်မီ ၁၁ နာရီ ၄၀ အချိန် မီးငြိမ်းခဲ့ကြောင်း သိရသည်။ ယာဉ်ပေါ်ပါ ကျား(၃)ဦး (သေဆုံး)တို့အား ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နွားထိုးကြီးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။