၁၀. ၄. ၂၀၂၄
Written by Ye Kyaw
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် CBU၊ CKD၊ SKD စနစ်ဖြင့် ပြည်ပမှတင်သွင်းသည့် လျှပ်စစ်သုံးယာဥ် အမျိုးအစားများအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ကို ဆက်လက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၀/၂၀၂၂)ဖြင့် Completely Built-Up (CBU)၊ Completely Knocked Down (CKD)၊ Semi-Knocked Down (SKD) စနစ်တို့ဖြင့် ပြည်ပမှ တင်သွင်းသည့် ဘတ္ထရီမှ လျှပ်စစ်စွမ်းအင်ကို ရယူမောင်းနှင်သည့် လျှပ်စစ်သုံးယာဥ် (BEV) အမျိုးအစားများအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်အခွန်နှုန်းများကို သုည ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ခဲ့သည်။
ယင်းကဲ့သို့ လျှော့ချသတ်မှတ်ရာ၌ လမ်းပေါ်တွင်မောင်းနှင်နိုင်သည့် နောက်တွဲယာဥ်ကို ဆွဲသည့်ယာဥ်၊ ယာဥ်မောင်းအပါအဝင် ၁၀ ဦးနှင့် အထက် စီးနင်းနိုင်သော ခရီးသည်တင် မော်တော်ယာဥ်၊ ကုန်တင်ယာဥ်၊ လူစီးယာဥ်၊ သုံးဘီးတပ်ယာဥ် (လူစီး)၊ သုံးဘီးတပ်ယာဥ် (ကုန်တင်)၊ လူစီးနှစ်ဘီးတပ်လျှပ်စစ်မော်တော်ဆိုင်ကယ်၊ လူစီးနှစ်ဘီးတပ် လျှပ်စစ်စက်ဘီး၊ လူနာတင်ယာဥ်၊ ထောင်ကား၊ နိဗ္ဗာန်ယာဥ် အမျိုးအစားများ ပါဝင်ကြောင်း ဖော်ပြထားသည်။
အထက်ပါ အမိန့်ကြော်ငြာစာသည် ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် ဆက်လက်၍ ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်အထိ ကင်းလွတ်ခွင့်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် လျှပ်စစ်သုံးယာဥ် (BEV)များ၏ ဘတ္ထရီများနှင့် လျှပ်စစ်သုံးယာဥ် (BEV) များအတွက် သီးသန့်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ လျှပ်စစ်သုံးယာဥ် (BEV)များအတွက် ဘတ္ထရီအားသွင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား လည်းကောင်း ကုန်သွယ်လုပ်ငန်းခွန်နှင့် လျှပ်စစ်သုံးယာဥ် (BEV)များအတွက် အထူးကုန်စည်ခွန်များကို ဆက်လက်ကင်းလွတ်ခွင့်ပြုမည်ဖြစ်သည်။
လျှပ်စစ်သုံးယာဥ်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်းများနှင့် စပ်လျဥ်း၍ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လျှပ်စစ်သုံးယာဥ် (BEV) များကို ၂၀၁၅ ခုနှစ် ဧပြီ ၂၂ ရက်မှစတင်၍ ပြည်ပတင်သွင်းယာဥ် မှတ်ပုံတင်ခ ကင်းလွတ်ခွင့်ပြုထားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်း၊ B.O.T စနစ်ဖြင့် ဆောင်ရွက်သောလမ်း၊ ကျန်ပြည်ထောင်စုလမ်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်လမ်းများတွင် လျှပ်စစ်သုံးယာဥ်များအတွက် လမ်း၊ တံတားအသုံးပြုခများနှင့် စပ်လျဥ်း၍ ၂၀၂၃ ဧပြီ ၁ ရက်မှ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ (၂) နှစ် ကင်းလွတ်ခွင့်ပြုထားသည်။