၁၀. ၄. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများထံတွင် ဖမ်းဆီးခံထားရသော ဖိလစ်ပိုင်အမျိုးသမီးတစ်ဦး ပြန်လည်လွတ်မြောက်ရန် ပြန်ပေးငွေကြေးပေးချေပြီး ပြန်လည်ကယ်ထုတ်ခဲ့ရကြောင်း ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာန(BI) ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဖိလစ်ပိုင်နိုင်ငံအမျိုးသမီးသည် ထိုင်းနိုင်ငံရှိ Customer Service လုပ်ငန်းတွင် တစ်လလုပ်ခ အမေရိကန်ဒေါ်လာ ၁၀၀၀ နှုန်းဖြင့်လုပ်ရမည်ဟု Facebook လူမူကွန်ရက်မှတစ်ဆင့် လိမ်လည်ဖြားယောင်းခေါ်ဆောင်ခံရသူဖြစ်ကြောင်း BI ၏ကော်မရှင်နာ Norman Tansingco က ထုတ်ဖော်ပြောဆိုလိုက်သည်။
အဆိုပါ ဖိလစ်ပိုင်နိုင်ငံသူသည် လေဆိပ်လူဝင်မှုကြီး ကြပ်ရေးတာဝန်ရှိသူများက စုံစမ်းစစ်ဆေးချိန်အတွင်း ခရီးသွားပုံစံမျိုးဖြင့် ထိုင်းနိုင်ငံကို သွားရောက်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံကိုရောက်ရှိချိန်တွင် ကိုယ်ပိုင်ကားဖြင့် ခေါ်ယူခံရပြီး သောင်းရင်းမြစ်ကိုဖြတ်ကာ မြန်မာနိုင်ငံဘက်ခြမ်းသို့ ပို့ဆောင်ခံခဲ့ရကြောင်း ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ဆိုသည်။
အဆိုပါဖိလစ်ပိုင်အမျိုးသမီးသည် မြန်မာနိုင်ငံဘက်ခြမ်းသို့ ရောက်ရှိသွားခဲ့ပြီးနောက် တစ်ရက်ကို ၁၆ နာရီခန့် အလုပ်လုပ်ရပြီး နားရက်မရှိကြောင်း“Pacific Mall” ဟုလူသိများသော ပလက်ဖောင်းကို အသုံးပြုပြီး အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ခဲ့ရကြောင်း BI ၏ ထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါ ဖိလစ်ပိုင် အမျိုးသမီးသည် ပြန်လည်လွတ်မြောက်ရန်အတွက် ထိုင်းနိုင်ငံရှိ ဖိလစ်ပိုင်သံရုံးထံ အကူညီတောင်းခံခဲ့ရကြောင်း၊ သံရုံး၏ ကြားဝင်ဆောင်ရွက်မှုဖြင့် ဖိလစ်ပိုင်အမျိုးသမီး ပြန်လည်လွတ်မြောက်ရန် မြန်မာလူကုန်ကူးဂိုဏ်းများထံ ပြန်ပေးငွေပေးခဲ့ရကြောင်း ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ဆိုသည်။
အဆိုပါ ဖိလစ်ပိုင်လူဝင်မှုကြီးကြပ်ရေးဌာနသည် ဖိလစ်ပိုင်အမျိုးသမီး ပြန်လည်လွတ်မြောက်ရန်အတွက် ပြန်ပေးငွေမည်မျှပေးခဲ့ရသနည်းဆိုသောအချက်ကိုမူ အသေးစိတ်ပြောဆိုခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင် အမျိုးသမီးသည် လက်ရှိအချိန်တွင် မြန်မာလူကုန်ကူးဂိုဏ်းများလက်ထဲမှ ပြန်လည်လွတ်မြောက်လာပြီး ဖိလစ်ပိုင်နိုင်ငံသို့ ပြန်လည်ရောက်ရှိနေကြောင်း ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ Dana Sandoval က ပြောသည်။
Ref—- CNN