MT News
Written by Hey Mar
ရန်ကုန်မှ မော်လမြိုင်သို့ ထွက်ခွာလာသည့် အမှတ် ၈၉ အဆန် စာပို့ရထားသည် ဧပြီလ ၈ ရက်နေ့ နေ့လည် ၂ နာရီ ၃၀ မိနစ် ဝန်းကျင်ခန့်တွင် ကျိုက်ကသာဘူတာအကျော်၌ ဘီးချော်ထွက် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ရထားတွင် ကိုယ်တိုင်လိုက်ပါစီးနင်းခဲ့သူတစ်ဦးထံမှ သိရသည်။
ဖြစ်စဥ်မှာ ကျိုက်ကသာ ဘူတာအကျော် မလော့ချောင်စေတီတစ်ထောင်ကုန်းဘေး တောင်ကုန်းကြားတွင် အရှိန်လွန်ပြီး ဘီးချော်ထွက်၍ ရထားနောက်တွဲ ၃ တွဲပျက်ကျကျန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တောင်ကုန်းကြားမှာ ရိုးရိုးတန်း ၃ တွဲနဲ့ ဘရိတ်တွဲ ၁ တွဲက တွဲဆိုင်းပြုတ်ထွက် ကျန်ခဲ့ပြီး ရထားတွဲတွေ လမ်းချော်ခဲ့တာပါ။ ခရီးသည်များ ထိခိုက်မှုမရှိပါ။ ၈၂ အစုန် လေအိတ် အမြန်ရထား၊ ၉၀ အစုန် စာပို့ရထားတို့နဲ့ ဖြတ်ကျော်ပြီးဖြစ်လို့ ရထားခရီးစဉ်များတွေလဲ နှောင့်နှေးမှု မရှိခဲ့ပါဘူး” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူက MT News သို့ ပြောသည်။