MT news
အင်းလေးရေပေါ်သင်္ကြန်အား ဗုံးခွဲမည့် အင်းလေးPDF များဆက်လက်ဖမ်းမိခဲ့ပြီး လတ်တလောတွင် အင်းလေး PDF ရှစ်ဦး အရှင်ဖမ်းမိကာ လေးဦး အသေဖမ်းမိထားသည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ဧပြီလ ၈ ရက်က အသိပေးခဲ့သည်။
ဖြစ်စဥ်မှာ ၂၀၂၃ ဧပြီ ၅ ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့မိုင်းလီ(၅)ရပ်ကွက်၌ အင်းလေး PDF အဖွဲ့ဝင် လေးလွင်မျိုး(ခ) ကိုမျိုး(ခ)ပူတူးနှင့် ခိုင်ဇာဝင်းတို့အား လက်လုပ်လေသေနတ် ၁ လက်၊ လက်လုပ် ရှေ့ထွက်မိုင်း ၆ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၈ လုံး၊ လက်လုပ်သေနတ်ပြောင်း ၂ ခု၊ လက်လုပ်ကျည်ရိုက်တံ ၁ ခု၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် PVC ပိုက် ၈ ချောင်း၊ စနက်ကြိုး ၆ ချောင်း၊ ဝရိန်စက် ၁ လုံး၊ ဖောက်စက် ၁ ခု၊ ကန့် ၁၀ ကျပ်သား၊ ယမ်း၂၅ ကျပ်သား၊ မီးသွေးမှုန့် ၁၀ ကျပ်သားတို့နှင့် ဖမ်းမိခဲ့သည်။
ဖမ်းမိတရားခံများ ထွက်ဆိုချက်အရ လေးလွင်မျိုးသည် NLD ပါတီအမာခံ တရားခံပြေး ကျော်မင်းဟိန်း(ခ)ကျော်ကြီးနှင့် ကိုစိုင်း(ခ)အင်းဆားကူးတို့ ချိတ်ဆက်ပေးမှုဖြင့်၂၀၂၂ ခုနှစ် စက်တင်ဘာတွင် ဖယ်ခုံမြို့နယ် ကာဟန့်ကျေးရွာအနီးရှိ အင်းလေး PDF အမည်ခံ ရင်း-၁၀၀၉ ၌ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း ၁ လခန့် တက်ရောက်ခဲ့ပြီး လက်လုပ်မိုင်းပြုလုပ်နည်းနှင့် ဖောက်ခွဲနည်းများ သင်ယူခဲ့သည်။ သင်တန်းဆင်းပြီးနောက် လေးလွင်မျိုးသည် ညောင်ရွှေမြို့မိုင်းလီ(၅)ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ပြန်လာခဲ့ပြီး ၎င်းနှင့် တရားမဝင်ပေါင်းသင်းနေထိုင်သူ တရားခံ ခိုင်ဇာဝင်းနှင့်အတူ လက်လုပ်မိုင်းများ စတင်စမ်းသပ်ပြုလုပ်ခဲ့သည်။
ထို့အပြင် လေးလွင်မျိုးသည် လက်လုပ်မိုင်းများနှင့် ရှေ့ထွက် လက်လုပ်မိုင်းများ ကိုယ်တိုင်ပြုလုပ်ကာ ပေါက်ကွဲအားပြင်း ထန်သည့် ယမ်းနှင့် မိုင်းများအား ၅ ဂါလံဆံ့ အဝါရောင်ဆီပုံးများအတွင်း ထည့်သွင်း၍ အင်းလေးဒေသ၌ ရေပေါ်သင်္ကြန်ပြုလုပ်မည့် နေရာများသို့ ရေမျှော၍ အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲဖျက်ဆီးရန် စီစဉ်ခဲ့သည်။ ထို့အပြင် သင်္ကြန်ကာလအတွင်း ညောင်ရွှေမြို့ပေါ်၌ အများပြည်သူများ ရေကစားမှုမရှိစေရန်ရည်ရွယ်၍ သင်္ကြန်မတိုင်မီကာလတွင် မြို့နယ်လဝကရုံး၊ မြို့နယ်သမဝါယမရုံးနှင့် မြို့နယ်စည်ပင်ရုံးတို့အား မိုင်းခွဲရန် စီစဉ်ထားပြီး ထိုအကြမ်းဖက် ဖောက်ခွဲဖျက်ဆီးမှုအောင်မြင်ပါက တရားခံပြေး ကိုစိုင်း(ခ)အင်းဆားကူးမှ ငွေကျပ် ၅ သိန်းပေးမည်ဟု ညှိနှိုင်းသဘောတူထားခဲ့ကြောင်းဖော်ထုတ်သိရှိရသည်။
ဖမ်းမိတရားခံများ ထွက်ဆိုချက်အရ NLD ပါတီအမာခံများဖြစ်သည့် တရားခံပြေး ကျော်မင်းဟိန်း(ခ)ကျော်ကြီးနှင့် ကိုစိုင်း(ခ)အင်းဆားကူးတို့သည် ၎င်းတို့ထောက်ခံအားပေးသည့် NLD ပါတီအနေဖြင့် ရွေးကောက်ပွဲကောက်မရှင်၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီအဖြစ် အလိုအလျောက် ပျက်ပြယ်၍ မတ်လ ၂၉ ရက်မှစတင်ကာ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ပြီး ပါတီအား ဖျက်သိမ်းလိုက်ခြင်းအပေါ် ကျေနပ်မှုမရှိခြင်း၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ဟဲဟိုးမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး၌ အင်းလေး ဖောင်တော်ဦးဘုရားနှင့် ရွှေအင်းတိန်ဘုရားများသို့ ဘုရားဖူးရန် လာရောက်သည့် အပြစ်မဲ့ပြည်သူများအား သေကြေပျက်စီးစေရန်နှင့် ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်၍အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် ဝင်ရောက်လာသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)PDF ခေါင်း ဆောင် ဇော်ဇော်အောင်(ခ)ဆရာကျောင်း အပါအဝင် အကြမ်းဖက်အဖွဲ့ဝင် ၈ ဦး ဖမ်းဆီးခံခဲ့ရသည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ထပ်ကြပ်မကွာ လိုက်လံရှင်းလင်းချေမှုန်းမှု များကြောင့် အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၁၂ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း အမြောက်အများ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ ကျေနပ်မှုမရှိခြင်း၊ အင်းလေးဒေသအတွင်း ရေပေါ်သင်္ကြန်ကျင်းပကာ ပျော်ပွဲ ရွှင်ပွဲများပြုလုပ်၍ စည်ကားမှုတို့အပေါ် မနာလိုမရှုဆိတ်သည့်စိတ်ဖြင့် အပြစ်မဲ့ပြည်သူများ ရေကစားမှုမရှိစေရန်နှင့် ထိတ်လန့်ကြောက်ရွံ့စေရန်အတွက် ရေပေါ်သင်္ကြန်ပြုလုပ်မည့်နေရာများအား ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ရန်ခိုင်းစေခဲ့ပြီး တရားခံ လေးလွင်မျိုး(ခ)ကိုမျိုး(ခ)ပူတူး အနေဖြင့်လည်း ငွေကြေးရယူလိုမှုဖြင့် အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရှာဖွေစစ်ဆေး ဖော်ထုတ်မှုကြောင့် ဖျက်ဆီးရေး မဆောင်ရွက်နိုင်မီ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်၍ ဖမ်းမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက် သတင်းပေးရန်လိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။