MT News
Written by Nay Aung
ကိုရိုနာဗိုင်းရပ်ကပ်ရောဂါဖြစ်ပွားနေချိန်တွင် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် အနောက်အုပ်စုနိုင်ငံများ၏ ပစ်မှတ်ထားပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံတွင် လုပ်ငန်းများလုပ်ကိုင်နေသော ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဓာတ်ကို ဆက်လက်ကျဆင်းစေခဲ့ကြောင်း ASEAN+3 Macroeconomic Research Office (AMRO) အဖွဲ့ ၏ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါအဖွဲ့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နိုင်ငံတို့၏ ၂၀၂၃ ခုနှစ်အတွက် စီးပွားဖွံ့ဖြိုးတိုးတက်မှုအလားအလာကို ခန့်မှန်းဖော်ပြရာတွင် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။ ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံတွင် လုပ်ငန်းများ လုပ်ကိုင်နေသော ပြည်ပရင်းနှီးမြှုပ်နှံသူအချို့ လုပ်ငန်းများ ပြန်လည်ရုတ်သိမ်းခဲ့သလို အချို့ကလည်း လုပ်ငန်းများ တိုးချဲ့လုပ်ရန် စိတ်ဝင်စားမှုမရှိကြောင်း သိရသည်။
အာဏပဋိပက္ခနောက်ပိုင်း မြန်မာနိုင်ငံအပေါ် အမေရိကန်၊ ဥရောပသမဂ္ဂတို့က ပစ်မှတ်ထားပိတ်ဆို့မှုများချမှတ်ခဲ့ခြင်းကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်ဝင်ရောက်ရေးအပေါ် စိတ်ပျက်အားလျော့မှုများဖြစ်စေခဲ့သလို နိုင်ငံတကာအလှူရှင်များထံမှ ကူညီထောက်ပံ့ပေးမှုများလည်း ဖြတ်တောက်ခံခဲ့ရကြောင်း AMRO အဖွဲ့က ဆိုသည်။
မြန်မာနိုင်ငံတွင် ဘဏ်အချို့သည် လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခဲ့သော်လည်း ပိုင်ဆိုင်မှုအရည်အသွေးနှင့် အရင်း အနှီးလုံလောက်မှုအပါအဝင် ဘဏ်လုပ်ငန်းကဏ္ဍ အလုံးစုံခိုင်မာမှုနှင့်ပတ်သက်ပြီး ယိုယွင်းအားနည်းမှုများရှိနေဆဲဖြစ်ကြောင်း AMRO အဖွဲ့က ပြောသည်။
ပဋိပက္ခများကြောင့် ၂၀၂၁ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီသည် သိသိသာသာကျဆင်းသွားခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် အနည်းငယ်ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ငွေကြေးဖောင်းပွမှုနှုန်းထက် ၂၀၂၂ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းပိုမိုမြင့်တက်လာခဲ့ရာအစားအစာနှင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၁ ခုနှစ်က ၃ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ၁၈ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း AMRO အဖွဲ့ ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
ASEAN+3 အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၂၀၂၂ ခုနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၄ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာဖွယ်ရှိနေကြောင်း AMRO အဖွဲ့ကခန့်မှန်းထားသည်။
Ref—- AMRO