မည်သည့်ထိခိုက်မှုမျှမရှိဟု သိရ
MT News
စမ်းချောင်းမြို့နယ်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်ရှိမဏ္ဍပ်တို့ကို ဧပြီ ၆ ရက်ညက အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု Dark Shadow UG အဖွဲ့က ထုတ်ပြန်ခဲ့သော်လည်း ထိုတိုက်ခိုက်မှုတွင် မည်သည့်ထိခိုက်မှုမျှမရှိခဲ့ကြောင်း သိရသည်။
ထုတ်ပြန်ချက်မှာ ၂၀၂၃ ဧပြီ ၈ ရက်နေ့ ည ၆ နာရီ ၅၀ တွင် Dark Shadow (YGN UG) အဖွဲ့ မှ စမ်းချောင်း ရဲစခန်းရှေ့ စမ်းချောင်းမြို့နယ်ရေကစားမဏ္ဍပ်နှင့် ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှေ့ ပြည်သူ့ရင်ပြင်အတွင်းရှိ ဗဟိုမဏ္ဍပ်ကို အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်းနှင့် ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်မှုတစ်စုံတစ်ရာ သိရှိရခြင်း မရှိသေးသော်လည်း အဖွဲ့ဝင်များအနေဖြင့် ထိခိုက်မှုမရှိ ဘေးကင်းလုံခြုံစွာဖြင့် ဆုတ်ခွာနိုင်ခဲ့သည်ဟု Dark Shadow (YGN UG) က ဆိုသည်။
“မနေ့ကတော့ စမ်းချောင်းမှာ အေးဆေးပါပဲ။ မဏ္ဍပ်ကို ဗုံးတွေဘာတွေခွဲတယ်ဆိုရင် လိုက်ဖမ်းတာ၊ စစ်တာနဲ့ ရှုပ်ယှက်ခတ်နေမှာ။ အခုက ဗုံးခွဲသွားတယ်ဆိုတာတောင် စာထုတ်မှသိတယ်။ ဘာဆိုဘာမှ ဖြစ်တယ် မကြားမိပါဘူး”ဟု စမ်းချောင်းမြို့မရဲစခန်းအနီး နေထိုင်သူတစ်ဦးက ပြောသည်။
Dark Shadow (YGN UG) အဖွဲ့သည် ယမန်နှစ်ကလည်း မြို့တော်ခန်းမအနီး ဗဟိုမဏ္ဍပ်ကို ဗုံးခွဲခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။ Dark Shadow အနေဖြင့် SAC ကျင်းပသော သင်္ကြန်ပွဲကို လက်မခံကြောင်းနှင့် သင်္ကြန်ပွဲဖြစ်မြောက်စေရန် ပူးပေါင်းပါဝင်နေသူများကို ပြင်းထန်စွာ သတိပေးကြောင်းပြသသည့်အနေဖြင့် ထို Mission ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြို့နယ်ရေကစားမဏ္ဍပ်များကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။