MT News
Written by Hey Mar
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဆင်တဲကြီးကျေးရွာအနီး ဆယ်ကျော်သက်လူငယ်တစ်ဦး စီးနင်းလာသည့် ဆိုင်ကယ် အရှိန်လွန်တိမ်းမှောက်သဖြင့် လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံ ပရဟိတအသင်းတာဝန်ရှိသူထံမှ သိရသည်။
ဖြစ်စဥ်မှာ ဧပြီလ ၉ ရက်နေ့ နေ့လည် ၁၂ နာရီ ဝန်းကျင်အချိန်ခန့်က မောင်မျိုးမြင့်မြတ်အောင် စီးနင်းလာသည့် CBR အမျိုးအစားဆိုင်ကယ်မှာ ပုဗ္ဗသီရိမြို့နယ် ဆင်တဲကြီးကျေးရွာအနီး နိဗ္ဗာန်လမ်း တံတားကုန်းပေါ်တွင် ဆိုင်ကယ်အရှိန်လွန်တိမ်းမှောက်၍ နေရာတွင်ပင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်စီး ဦးထုပ်မပါတာက အဓိကပဲ။ ဆုံးသွားတဲ့ ကလေးက အသက် ၁၆ နှစ်ပဲ ရှိသေးတယ်။ မိဘတွေ ရင်ကျိုးတာ။ အလူးအလဲကို ခံစားနေရတာ”ဟု ပရဟိတ လူမှုကူညီရေးအသင်း တာဝန်ရှိသူက MT News သို့ ပြောသည်။
ကွယ်လွန်သူအား နေပြည်တော် ပြည်သူ့ဆေးရုံကုတင်(၃၀၀) ရင်ခွဲရုံသို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။