၁၀. ၄. ၂၀၂၃
Written Ye Kyaw
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပဲတီစိမ်းနှင့် နွေစပါးရာသီအချိန်အမီ ဆောင်ရွက်နိုင်ခြင်းမရှိ၍ ရာနှုန်းပြည့်အကောင် အထည်ဖော်နိုင်မှုမရှိသော်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ချေးထားသည့် ချေးငွေများ အပြည့်အဝ ပြန်လည်ကောက်ခံသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဧပြီ ၉ ရက်တွင် ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပဲတီစိမ်းနှင့်နွေစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရေးစီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။
ယင်းကဲ့သို့ ကောက်ခံရရှိလာမည့် အရင်းမပျောက်မတည်ရန်ပုံငွေကို လာမည့်ရာသီတွင် အကျိုးရှိအောင် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် အစီအမံများကို ဆွေးနွေးကြရန် လိုအပ်ကြောင်း ဦးမင်းနောင်က ပြောသည်။
ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးသုံးခုတွင် ဆောင်ရွက်ခဲ့သည့် ပဲတီစိမ်းသီးနှံမှာ ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တောင်သူများကလည်း သီးနှံများ ပြန်လည် ပေးသွင်းနေကြပြီဖြစ်ကြောင်း၊ နွေစပါးသီးနှံကို နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်၊
အောက်မြန်မာပြည်၌ မကြာမီ နွေစပါးရိတ်သိမ်းတော့မည်ဖြစ်၍ တောင်သူများ စာချုပ်ပါစည်းကမ်းများနှင့်အညီ သီးနှံပြန်လည် ပေးသွင်းနိုင်ရေးနှင့် နိုင်ငံတော်၏ ဘဏ္ဍာဆုံးရှုံးမှု မရှိစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက ကြီးကြပ်ဆောင်ရွက်ပေးစေလိုကြောင်း ဦးမင်းနောင်ကပြောသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များသို့ မတည်ထောက်ပံ့ငွေထုတ်ပေးခြင်း၊ တိုက်ရိုက်ထုတ်ချေးခြင်း စသည့်ပုံစံများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ငွေကျပ် ၂၃၀ ဘီလျံ ရရှိခဲ့ပြီး ပဲတီစိမ်း တစ်ဧကလျှင် ငွေကျပ် ၁၂၀၀၀၀ နှုန်းဖြင့် ဧကငါးသိန်းအတွက် ငွေကျပ် ၆၀ ဘီလျံ၊ နွေစပါးတွင် တစ်ဧကလျှင် နှစ်သိန်းနှုန်းဖြင့် ဧက ၈၅၀၀၀၀ အတွက် ငွေကျပ် ၁၇၀ ဘီလျံဖြင့် တောင်သူများသို့ ငွေသားဖြင့်ထုတ်မချေးဘဲ ချေးငွေပမာဏနှင့်တူညီသော သွင်းအားစုများကိုသာ ထုတ်ပေးရန် စီမံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာတွင် ပဲတီစိမ်းဧက ၄၈၀၀၀၀ ကျော်၊ နွေစပါးဧက ၇၈၀၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ငွေကျပ် ၂၁၄ ဒသမ ၂ ဘီလျံ သုံးစွဲဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် သွင်းအားစုအစုအဖွဲ့များမှ တစ်ဆင့်လိုအပ်သည့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဝယ်ယူကြိတ်ခွဲရောင်းချသူအစုအဖွဲ့များက ပြန်လည်ဝယ်ယူ၍ပေးသွင်းနိုင်ရန်နှင့် ဝန်ဆောင်ခအနေဖြင့် ချေးငွေ၏ တစ်ရာနှုန်းကိုပေးသွင်းရန်သတ်မှတ်ထားပြီး သွင်းအားစုအစုအဖွဲ့များက သုညဒသမ ၅ ရာနှုန်းနှင့် ဝယ်ယူကြိတ်ခွဲရောင်းချသူ အစုအဖွဲ့များက သုည ဒသမ ၅ ရာနှုန်း ပေးသွင်းရန်အပါအဝင် အစီအစဉ်များ ရေးဆွဲဆောင်ရွက်ခဲ့ရာ ယနေ့အထိ ပဲတီစိမ်း ဧက ၃၃၀၀၀၀ ကျော်နှင့် နွေစပါးဧက ၆၂၀၀၀၀ ကျော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။