MT News
Written by Hey Mar
လာမည့် ဧပြီလ ၁၃ ရက်တွင် ကျရောက်မည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၆ ခုနှင့် မြို့နယ် ၂၈ မြို့နယ်တွင် မဏ္ဍပ်ပေါင်း ၄၀ ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက MT News သို့ ပြောသည်။
ပဲခူးတိုင်းဒေသကြီး သင်္ကြန်ပွဲတော်နှင့် တရားသဘင်ကို အကြို၊ အကျ၊ အကြတ်၊ အတက်နှင့် နှစ်ဆန်းတစ်ရက်နေ့ အပါအဝင် ၅ ရက်တိုင် ကျင်းပမည်ဖြစ်ပြီး မြို့တော်ဝန်ဗဟိုမဏ္ဍပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ မဏ္ဍပ်များ၊ တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားရိုးရာ မဏ္ဍပ်များနှင့် ရပ်ကွက်အလိုက် ယိမ်းအဖွဲ့များလည်း ပါဝင်မည်ဟု သိရသည်။
စီးပွားရေးရာဝန်ကြီးဦးတင်ဦးက”မဟာသင်္ကြန်ပွဲကို စည်စည်ကားကား ကျင်းပနိုင်ဖို့၊ ပြည်သူတွေ စိတ်နှလုံး ချမ်းသာ ပျော်ရွှင်စေဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ဗဟိုမဏ္ဍပ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့မှာထိုးထားပြီး နိုင်ငံကျော် အဆိုတော်တွေကို ဖျော်ဖြေဖို့ ငှားရမ်းထားပါတယ်။ အစိုးရ အဖွဲ့ဝင် ဝန်ကြီးဌာနမဏ္ဍပ်တွေ ရုံးလမ်းတစ်လျှောက်မှာရှိပါမယ်။.ဝန်ကြီးဌာနမဏ္ဍပ်တွေမှာလည်း အဆိုတော်တွေ ပါဝင်ဖျော်ဖြေမှာပါ။ နောက်ပြီး မြို့ပေါ်မှာရှိတဲ့ ရပ်ကွက် ၃၁ ရပ်ကွက်လုံးက ယိမ်းပြိုင်ပွဲအတွက် ယိမ်းအဖွဲ့ ၃၆ ဖွဲ့ ထွက်မယ်။ ပထမ၊ ဒုတိယ၊ တတိယဆုအပြင် နှစ်သိမ့်ဆုပါရွေးချယ်ပြီး ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးမှာပါ။ဝန်ကြီးဌာနမဏ္ဍပ်တွေမှာ ယိမ်းအဖွဲ့ ဖျော်ဖြေတာတွေ ရှိမှာပါ။ လာရောက်မယ့် ပြည်သူတွေအတွက်လည်း ပွဲတော်ကာလ ၅ ရက်စလုံးမှာ စတုဒိသာ၊ သင်္ကြန်ထမင်း ကျွေးမွေးဧည့်ခံဖို့ စီစဥ်ဆောင်ရွက်နေပါတယ်”ဟု MT News ၏ မေးမြန်းမှုကိုပြန်လည်ဖြေကြားသည်။
တိုင်းဒေသကြီး ရိုးရာယဥ်ကျေးမှု သင်္ကြန်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအတိုင်း မြန်မာ့ရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ ပေါ်လွင်အောင် ဆင်ယင်ကျင်းပသွားမည်ဖြစ်ပြီး ယဥ်ကျေးမှုကို ထိန်းသိမ်းသည့်အနေဖြင့် လမ်းလျှောက်သင်္ကြန်ကိုလည်း ကျင်းပသွားမည်ဟု သိရသည်။ ထိုလမ်းလျှောက်သင်္ကြန်တွင် တိုင်းဒေသကြီးအတွင်းမှ တိုင်းရင်းသား ၉ မျိုးအပြင် ပြည်နယ်နှင့်တိုင်း အသီးသီး၏ တိုင်းရင်းသား ကချင်၊ ကယား၊ ကရင် ၊ ချင်း၊ ဗမာ၊ မွန် ၊ရခိုင်၊ ရှမ်း တို့၏ ယဥ်ကျေးမှုသင်္ကြန်များကိုလည်း ထည့်သွင်းဆင်နွှဲ ကျင်းပမည်ဟု သိရသည်။
“ပဲခူးတိုင်းမှာ အများဆုံးနေထိုင်တဲ့ တိုင်းရင်းသားကတော့ ကရင်၊ မွန်၊ ဗမာ တိုင်းရင်းသားတွေ အများဆုံးပါ။ ကျန်တဲ့ အနည်းစု နေထိုင်တဲ့ တိုင်းရင်းသားတွေကလည်း ပူးပေါင်းပါဝင်ကူညီကြမှာပါ။ သင်္ကြန်အပြီး နှစ်ဆန်း ၁ ရက်နေ့ကနေ နောက် ၃ ရက်အထိ နိုင်ငံကျော် ဓမ္မကထိကဆရာတော်ဘုရားကြီးတွေရဲ့ နှစ်သစ်ကူးဓမ္မသဘင်ပွဲကို ကျင်းပပေးသွားမှာဖြစ်ပြီး ဖွင့်ပွဲ ပိတ်ပွဲတွေမှာလည်း ကျွန်တော်တို့ တိုင်းဒေသကြီး ကိုယ်စားပြု “တိုင်းလုံးပြည့်လျှံ ပဲခူးသင်္ကြန်” ဆိုတဲ့ သီချင်းကိုဖျော်ဖြေပြီး ဖွင့်ပွဲ၊ ပိတ်ပွဲတွေ ပြုလုပ်ပေးသွားမှာပါ”ဟု ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ဆက်လက်ပြောသည်။