MT News
Written by Peya
၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ အာရှဇုန်(ပထမအဆင့်)၊ ခြေစစ်ပွဲ (ဒုတိယ အကျော့)ကို ဧပြီ ၈ရက် ညနေ ၄ နာရီက ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် အီရန် လက်ရွေးစင်အမျိုးသမီးအသင်းတို့ တစ်ဂိုးစီသရေကျသောကြောင့် အီရန်အသင်းက ဒုတိယအဆင့်သို့တက်သွားပြီဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းကမူ ထွက်ခဲ့ရပြီ ဖြစ်သည်။
အီရန်အသင်းသည် ပထမအကျော့တွင် မြန်မာအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရထားသောကြောင့် ၁၃ မိနစ်တွင် ဦးဆောင်ဂိုးရပြီးချိန် ခံစစ်ကိုဦးစားပေးကစားခဲ့ပြီး မြန်မာအသင်းက ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့သည့်အနေအထား ရှိခဲ့သည်။
မြန်မာအသင်းသည် ပွဲချိန် ၁၆ မိနစ်တွင် ပင်နယ်တီကန်သွင်းခဲ့ရသော်လည်း ဂိုးမဝင်သဖြင့် ပထမပိုင်းပြီးချိန်အထိ အီရန်အသင်းက ဦးဆောင်ခဲ့ကာ ဒုတိယပိုင်းတွင် မြန်မာအသင်းက ဖိအားပေးကစားနိုင်ခဲ့သောကြောင့် ပွဲချိန် ၅၆ မိနစ်တွင် ဝင်းသိင်္ဂီထွန်းက ခေါင်းတိုက်ပြီး မြန်မာအသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့သည်။ သို့သော် အီရန်နောက်တန်းက မြန်မာအသင်းတိုက်စစ်ကို တားဆီးနိုင်သဖြင့် သရေ ရလာဒ်ဖြင့်သာပြီးဆုံးသွားခဲ့ပြီး အီရန်အသင်းက ဒုတိယအဆင့် တက်ရောက်နိုင်ခဲ့သည်။