MT News
Written by Nay Aung
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦးသည် ဧပြီလ ၈ ရက်နေ့က ၎င်း၏အိမ်တွင် သွေးလွတ်ကြောကို ကပ်ကြေးဖြင့်ဖြတ်ပြီးကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကာသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
Bueng Kum ပြည်နယ် Soi Ram Inthra 40 အရပ်ရှိ Caltex ဓာတ်ငွေ့ဆိုင်တွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦးသည် အလုပ်သမားအိမ်ယာအတွင်းရှိ အိမ်သာထဲတွင် ကိုယ့်ကိုယ်ကိုယ် သ-တ်သေခဲ့ကြောင်းသတင်းကို
လက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ အသက် ၃၉ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ကိုစိုင်းဘိုထွန်းကို အိမ်သာနားရှိသွေးအိုင်ထဲတွင် လဲကျသေဆုံးနေခြင်းကို တွေ့ရှိခဲ့ကြောင်း၊ Khok Khram ရဲစခန်းမှ ရဲမှူး Chanachai Phanwilai က ပြောသည်။
သွေးအိုင်ထဲ လဲကျသေဆုံးနေသည့် မြန်မာနိုင်ငံသားအနီးတွင် ကပ်ကြေးတစ်လက်ကိုတွေ့မြင်ခဲ့ကြောင်း၊ တစ်စုံတစ်ဦးနှင့်တိုက်ခိုက်ပြီး အသတ်ခံရခြင်းပုံစံမျိုးမတွေ့ရဘဲ သွေးကြောကို ဖြတ်တောက်ခဲ့သည့်အတွက် သွေးထွက်လွန်ကာ သေဆုံးသွားသော ပုံစံမျိုးဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။
ကိုစိုင်းဘိုထွန်းသည် နှစ်ပေါင်းများစွာကြာ ကျောက်ကပ်ရောဂါနောက်ဆုံးအဆင့်ကို ရောက်ရှိနေသူဖြစ်ကြောင်း၊အလုပ်သမားအိမ်ယာရှိအခန်းတွင် ဇနီးဖြစ်သူနှင့်အတူ ယခင်က နေထိုင်ခဲ့သူဖြစ်ကြောင်း၊ ၎င်း၏ ကျောက်ကပ်ရောဂါက ဆိုးရွားပြင်းထန်လာခြင်းကြောင့် Nopparat ဆေးရုံတွင်
တစ်နှစ်ခန့် တက်ရောက်ကုသခဲ့ရသူဖြစ်သလို ဆေးရုံမှပြန်ဆင်းလာချိန်တွင်လည်း သုံးလတစ်ခါ ဆေးရုံကို သွားရောက်ပြသရသည့်အတွက် ကုန်ကျစရိတ် များစွာကုန်ကျခဲ့သူဖြစ်ကြောင်း အိမ်နီးချင်းများက ပြောသည်။
ကုန်ကျစရိတ်များလွန်းသည့်အတွက် စိုင်းဘိုထွန်းသည် ဆေးရုံကို သွားရောက်ပြသခဲ့ခြင်းမရှိတော့ကြောင်း၊ ဧပြီ ၈ ရက်နေ့တွင် ဆေးရုံသွားပြရမည်ဖြစ်သော်လည်းပြသခဲ့ခြင်း
မရှိဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခြင်းဖြစ်ဖွယ်ရှိကြောင်း အိမ်နီးချင်းများက ပြောသည်။ ဆွေမျိုးသားချင်းများကလည်း ကိုစိုင်းဘိုထွန်း ကိုယ့်ကိုယ်ကိုယ် သ-တ်သေခြင်းကို သံသယမရှိကြောင်း၊ ၎င်းသည် ယခင်တုန်းကလည်း ဇနီးဖြစ်သူကို ငွေကြေးအထောက်ပံ့များရရှိစေရန်အတွက် ကိုယ့်ကိုယ်ကိုယ် သ-တ်သေရန် လုပ်ဆောင်ခဲ့ဖူးကြောင်း ပြောခဲ့ကြသည်။
Ref—-amarintv