MT News
Written by Thettant
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများသိုလှောင်ထားသည့် လူငယ်သုံးဦးကိုဖမ်းမိခဲ့ပြီး ကွင်းဆက်များလိုက်လံစစ်ဆေးဖော်ထုတ်နေကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ “အိုက်ကော(ခ)လောက်အယ်”၏ နေအိမ်ကို သတင်းအရရှာဖွေရာ “ဂွမ်းမိုင်(ခ)မာဂွမ်း”၊ “အဆာဖ” နှင့် “ဇော်လတ်”တို့ ၃ ဦးအား M 21 ရိုင်ဖယ်(၁၃)လက်၊ ပါရီအမျိုးအစား 81 ရိုင်ဖယ်ဒင်ခေါက်(၁)လက်၊ .22 Sniper (၁)လက်၊ ၁၂ ဗို့ ၁ လုံးထိုးပြောင်းချောသေနတ်(၁)လက်၊ လက်လုပ်သေနတ်ဒင်ခေါက်(၁)လက်၊ ၇.၆၂ x ၃၉ ကျည် (၈၉)တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး(၁)လုံး၊ ကျည်အိမ် မျိုးစုံ (၁၅)ခု၊ လက်နက်ပြုပြင်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ထို့နောက် စစ်ဆေးဖော်ထုတ်ချက် အရ မွန်းလွဲ ၂ နာရီခွဲအချိန် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ အိုက်ကော(ခ)လောက်အယ် ပိုင်ဆိုင်သည့်နေအိမ်ကို ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၅၀ ပြား၊ ကက်တမင်း ၈ ဂရမ်၊ စိတ်ပြောင်းဆေးဝါး Happy Water ၉၉ ဂရမ်၊ ကျည်မျိုးစုံ ၂၉ တောင့်နှင့် ဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ ထုတ်ပြန်ချက်အရ သိရသည်။