၁၀. ၄. ၂၀၂၃
Written by Thettant
မန္တလေးမြို့မှ သယ်ဆောင်လာသည့် ကျပ် ၁ ဒသမ ၁ ဘီလျံတန်ဖိုးရှိ ဘိန်းဖြူ ၂၂ ကီလိုအား စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ ထွန်းနိုင်ဦး(ခ)ကိုထွန်း၏ နေအိမ်ကို သတင်းအရရှာဖွေရာ ဆပ်ပြာခွက် ၁၁၀၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူအလေးချိန် ၁၁ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းကို စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၄ နာရီခွဲအချိန် ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ ကလေး-တမူး ကားဝင်းတွင် ဖမ်းဆီးရမိ ဘိန်းဖြူများလာရောက်အပ်နှံခဲ့သည့် ထက်ဇော်(ခ)အငယ်လေးအား ၎င်းမူးယစ်ဆေးဝါးများ သယ်ဆောင်သည့် Hiace မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၅ နာရီ အချိန် ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ ရန်ပိုင်ဌေး(ခ)ကိုပိုင်အား ၎င်း၏နေအိမ်တွင် ဆပ်ပြာခွက် ၁၁၀၀ ခွက်ဖြင့် ထည့်လျက် ဘိန်းဖြူအလေးချိန် ၁၁ ကီလိုနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၂၂ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား မန္တလေးမှ ကလေးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR က ထုတ်ပြန်ထားသည်။