◾️ဖမ်းဆီးခံထားရသူနှစ်ဦးကို မည်သို့စီရင်မည်မသိရ
၁၀. ၄. ၂၀၂၃
Written by Nay Moe
ချင်းပြည်နယ်ထဲတွင် အိန္ဒိယနိုင်ငံသား ၃ ဦးသတ်ဖြတ် မီးရှို့ခံရပြီး ထိုဖြစ်ပွားမှုမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) အဖွဲ့ဝင်များ၏ သတ်ဖြတ်မှုဖြစ်ကြောင်း အိန္ဒိယသတင်းဌာနများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ရေးသားမှုများကြောင့် ထိုသတ်ဖြတ်မှုမှာ CDF အဖွဲ့ဝင်များလက်ချက်မဟုတ်ဘဲ ပခုက္ကူဘက်မှ အဝယ်တော်ထောက်ပို့နှစ်ဦး၏ သတ်ဖြတ်မှုဖြစ်ကြောင်း ငြင်းချက်ထုတ်ခဲ့သည့် CDF မင်းတပ်က လက်ရှိတွင် ထိုတရားခံနှစ်ဦးကို ဖမ်းဆီးထားပြီဖြစ်ကြောင်း ဧပြီ ၉ ရက် ရက်စွဲဖြင့် ထပ်မံကြေညာသည်။
CDF (Chin Defence Force) အဖွဲ့က သတ်ဖြတ်သည်ဟု စွပ်စွဲခံရသော သတ်ဖြတ်ခံရသူများမှာ ယခင်မြန်မာနိုင်ငံဖွား အသက် ၄၈ နှစ်အရွယ် အိန္ဒိယနိုင်ငံသူ C Biaksuii ၊ အသက် ၃၇ နှစ်အရွယ် အိန္ဒိယနိုင်ငံသား Bablu Talukdar နှင့် ထိုသူတို့ ၂ ဦးကို မြန်မာနိုင်ငံအတွင်း ကားမောင်းပို့ခဲ့သူ ယာဥ်မောင်း အသက် ၄၄ နှစ်အရွယ် အိန္ဒိယအမျိုးသား B Lathafamkima တို့ဖြစ်သည်။
မတ်လ ၁၉ ရက်တွင် သတ်ဖြတ်ခံရသူများမှ ၂ ဦးသည် AK-47 ရိုင်ဖယ်သေနတ် ၆ လက်ဝယ်ယူပေးရန် CDF များထံမှ ငွေကြေးလက်ခံရယူပြီး ဝယ်မပေးနိုင်သဖြင့် ငွေပြန်ပေးရာတွင် ယူထားသည့်ပမာဏအတိုင်း ပြန်လည်မပေးနိုင်သဖြင့် အငြင်းပွားမှုဖြစ်ကာ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောခဲ့အပြီးတွင် မီဇိုရမ်ခရိုင်ရှိ အရပ်ဘက်အဖွဲ့အစည်းများက မြန်မာဒုက္ခသည်များဝင်ရောက်ရာလမ်းကြောင်းများ ပိတ်ဆို့ခြင်း၊ မြန်မာဘက်နှင့် အဆက်အသွယ်မလုပ်ရန် လှုံ့ဆော်ခြင်းများရှိနေပြီး ဝင်ရောက်လာသောမြန်မာများကို ဖမ်းဆီးခြင်းစသည်ဖြင့် တင်းမာမှုများစွာဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဥ်အပေါ် CDF မင်းတပ်က ကနဦးစာထုတ်ပြန်ရာတွင် ထိုသတ်ဖြတ်မှုနှင့် ပတ်သက်သူနှစ်ဦးမှာ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သည်များဝယ်ရန် အိန္ဒိယနိုင်ငံများကို ငွေပေးအပ်ခဲ့သော တာဝန်ရှိသူကိုဂျက်နှင့် မင်းတပ်မြို့နေ ဆလိုင်းအောင်လိန်းတို့ဖြစ်ကြောင်း၊ ထိုဖြစ်ရပ်တွင် CDF တပ်ဖွဲ့ဝင်ဟုဆိုကြသည့် ဆလိုင်းအောင်လိန်းမှာ CDF တပ်ဖွဲ့ဝင်မဟုတ်ဘဲ မီဇိုရမ်ပြည်နယ်မှနေကာ ပခုက္ကူနှင့် မြိုင်မြို့နယ်များအတွက် လိုအပ်နေသည်များဝယ်ယူပေးနေသူဖြစ်ကြောင်း မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ဧပြီ ၉ ရက်တွင် ထိုသူများကို ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“အခုက အိန္ဒိယနိုင်ငံသားသုံးဦးကို သတ်တယ်ဆိုပြီးစွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက်ကို ဘာဆက်လုပ်မယ်မသိဖြစ်နေတာ။ အရင်တုန်းက တရားဝင်အစိုးရဆိုရင်တော့ ကိုယ့်နိုင်ငံထဲကိုယ်စီရင်ဖို့ပဲပေါ့။ အခုကတော့ လက်နက်ကိုင်ဖြစ်နေတာရော၊ အိန္ဒိယဘက်မှာ တင်းမာမှုမြင့်ပြီး မြန်မာဒုက္ခသည်တွေ လက်မခံတာရောကြောင့် ဒီဘက်က လိုအပ်တာစစ်ဆေးပြီးရင် အိန္ဒိယလွှဲမလား။ အဲဒါဆိုရင် SAC နဲ့ တရားခံလွှဲပြောင်းတာမျိုးလုပ်သွားရင် ဘာတွေဖြစ်လာနိုင်လဲ။ ကိုယ့်ဘာသာစစ်၊ ကိုယ့်ဘာသာစီရင်မယ်ဆိုရင်ရော အိန္ဒိယဘက်က ယုံပါ့မလား။ ဒါမျိုးတွေပေါ့။ လက်ရှိကတော့ ခေါင်းချင်းရိုက်ပြီး ဆွေးနွေးနေဆဲပဲ။ သူတို့ထပ်ထုတ်ပြန်မှပဲ ဘာဆက်လုပ်မယ်သိရတော့မှာ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လက်ရှိအခြေအနေအပေါ် MT News ၏ မေးမြန်းမှုကို ယနေ့ ဧပြီ ၁၀ ရက်တွင် ဖြေဆိုသည်။
CDF မင်းတပ်၏ ဧပြီ ၉ ရက်ထုတ်ပြန်ချက်တွင် အဆိုပါလူသတ်မှုတရားခံများမှာ CDF အဖွဲ့ဝင်များမဟုတ်ကြောင်း၊ ထိုသုံးလောင်းပြိုင်လူသတ်မှုကြောင့် အိန္ဒိယဘက်တွင် တင်းမာမှုများဖြစ်ပွားပြီး မြန်မာစစ်ဘေးရှောင်များကျပ်တည်းဒုက္ခရောက်နေသည်ကို စိတ်မကောင်းကြောင်း၊ လက်ရှိတွင် ထိုတရားခံများကို လုံလောက်သော သက်သေများဖြင့် ဖမ်းဆီးထားကြောင်း၊ ပြစ်မှုကျုးလွန်သူများကို တရားစီရင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။