၁၀. ၄. ၂၀၂၃
Written by Tha Doe
ကိုကိုးကျွန်းမြို့နယ်ရှိ ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော်(Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာတွင် အောင်မြေ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခြင်းအခမ်းအနားကို ဧပြီ ၉ ရက်ကကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်းသည် ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ဆက်စပ်နေရာတွင် တည်ရှိပြီး မင်္ဂလာကျွန်း၊ စလစ်ပါကျွန်း၊ ကြွက်ကျွန်း၊ ဂျယ်ရီကျွန်းနှင့် ကိုကိုးလေးကျွန်းများဖြင့် ပါဝင် ဖွဲ့စည်းထားပြီး ရန်ကုန်မြို့မှ ရေမိုင် ၂၄၂ မိုင်အကွာ၊ ဟိုင်းကြီးကျွန်းမှ ရေမိုင် ၁၂၅ မိုင်အကွာတွင် တည်ရှိသည့် ကျွန်းဖြစ်သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် SAC ဥက္ကဋ္ဌ လာရောက်သည့် ကိုကိုးကျွန်းမြို့ ခရီးစဉ်တွင် ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလား ပင်လယ်အော် (Bay of Bengal) ဆုံမှတ်နေရာ (Victorious Point)တွင် အထိမ်းအမှတ်ကျောက်တိုင် တစ်ခုကို စိုက်ထူရန် လမ်းညွှန်ချက်အရ ယခုကဲ့သို့ အောင်မြေအထိမ်းအမှတ် ကျောက်တိုင်ကို စိုက်ထူခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်သည် အိန္ဒိယသမုဒ္ဒရာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အရှေ့မြောက်ဘက်ပိုင်း ရေပြင်ဖြစ်ကာ အနောက်နှင့် အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ အရှေ့ဘက်တွင် မြန်မာနိုင်ငံ၊ တောင်ဘက်တွင် အက်ဒမန်နှင့် နီကိုဘားကျွန်းတို့ တည်ရှိကာ ဘင်္ဂလားပင်လယ်အော်သည် ကမ္ဘာပေါ်ရှိ ပင်လယ်အော်များအနက် ရေပြင် အကျယ်ဆုံး ပင်လယ်အော်ဖြစ်သည်။ ကပ္ပလီပင်လယ်ပြင်( Andaman Sea) သည် အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက်အစွန်အဖျားအကျဆုံးရေပြင်ဖြစ်ကာ အရှေ့ဘက်တွင် မုတ္တမပင်လယ်ကွေ့တစ်လျှောက်ရှိ မြန်မာနိုင်ငံကမ်းရိုးတန်း၊ ထိုင်းနိုင်ငံ ကမ်းရိုးတန်းနှင့် မလေးကျွန်းဆွယ်၊ အနောက်ဘက်တွင် အက်ဒမန်နှင့် နီကိုဘားကျွန်းတို့ တည်ရှိကာ ကပ္ပလီပင်လယ်ပြင်၏ တောင်ဘက်အကျဆုံးနေရာတွင် နိုင်ငံတကာကုန်သွယ်ရေကြောင်း၏ အဓိကအရေးပါသည့် မလ္လကာ ရေလက်ကြားနှင့်လည်း ဆက်စပ်တည်ရှိနေသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ဆက်စပ်နေရာဖြစ်သည့် ကိုကိုးကျွန်း၏ မြောက်ဘက်၌ ပါလီပါလဲ့ရေလမ်းကြောင်း၊ တောင်ဘက်၌ ကိုကိုး ရေလမ်းကြောင်းများ တည်ရှိပြီး ၎င်းရေလက်ကြားများမှ နှစ်စဉ်နိုင်ငံခြားကုန်သွယ်ရေယာဉ် အစီးရေ ၈၀၀၀ ခန့် ဖြတ်သန်းသွားလာလျက်ရှိသဖြင့် နိုင်ငံတကာ ရေကြောင်းကုန်သွယ်မှုအတွက်သာမက မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားအတွက်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း သိရှိရသည်။