၈. ၄. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ချောင်ဘူရီပြည်နယ်အတွင်း အမှတ် (၇) လမ်းမကြီးပေါ်တွင် ဧပြီလ ၈ ရက်၊ နံနက်ပိုင်းက မြန်မာနှင့် ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ လိုက်ပါလာသည့်ဗင်ကားတစ်စီးက ၁၈ ဘီးတပ်ကုန်သေတ္တာ တင် နောက်တွဲယာဉ်တစ်စီးကို နောက်မှဝင်၍တိုက်မိခဲ့ရာ ဗင်ကားပေါ်ပါလူလေးဦးသေဆုံးပြီး အခြားကိုးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုက မောင်းခရိုင်အတွင်း နုန်ခန်ခုတ်ခရိုင်ခွဲ၌ နံနက် ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးသမားများ အခင်းဖြစ်နေရာသို့ ရောက်ရှိသွားသောအခါ ဘန်ကောက်မှတ်ပုံတင်ဗင်ကား၏ရှေ့ပိုင်းမှာ ဆိုးဝါးစွာပျက်စီးနေပြီး ကုန်သေတ္တာတစ်လုံး တင်ဆောင်ထားသော ၁၈ ဘီးတပ်ကုန်သေတ္တာတင်နောက်တွဲယာဉ်တစ်စီးကို အနီးတွင်တွေ့ကြရသည်။
ဗင်ကားယာဉ်မောင်းနှင့် ကားပေါ်ပါ ခရီးသည် ၁၂ ဦးကိုလည်း ကားထဲတွင် ပိတ်မိနေခဲ့ရာမှ ပြန်လည် ကယ်ဆယ်ခဲ့ရသည်။ အသက် ၅၅ နှစ်ရှိ ယာဉ်မောင်းနှင့် ခရီးသည်သုံးဦးတို့ ယာဉ်တိုက်မှုအတွင်း သေဆုံးခဲ့ပြီး သေဆုံးသူခရီးသည်များထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ပါဝင်ကြောင်းသိရသည်။ အခြားခရီးသည်ကိုးဦးမှာလည်း ဒဏ်ရာများရရှိခဲ့ပြီး ၎င်းတို့အနက် ငါးဦးမှာဒဏ်ရာပြင်းထန်၍ ချောင်ဘူရီဆေးရုံသို့ တင်ပို့ထားရကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။
စုံစမ်းစစ်ဆေးချက်များအရ ဗင်ကားက မြန်မာနှင့် ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ ၁၂ ဦးကို သယ်ဆောင်လာခြင်းဟု သိရသည်။ အလုပ်သမားများက ၎င်းတို့၏ရွှေ့ပြောင်းလုပ်သားကတ်ပြားများကို သက်တမ်းတိုးရန် နယ်စပ်ပြည်နယ် ဖြစ်သော ချန်သာဘူရီသို့ သွားရောက်ရေး ဗင်ကားကို ဌားရမ်းလာစဉ် ဤသို့ ယာဉ်တိုက်မှုဖြစ်ပွားရခြင်း ဖြစ်သည်။
အသက် ၅၀ နှစ်ရှိ ကုန်သေတ္တာတင်ထရပ်ကားမောင်းနှင်သူယာဉ်မောင်းက ၎င်း၏ကားကို လမ်းမကြီးတစ်လျှောက်မောင်းလာစဉ် ဗင်ကားက နောက်မှ ပြင်းထန်စွာ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အား ပြောခဲ့သည်။ ရဲတပ်ဖွဲ့အနေဖြင့် ဗင်ကားမောင်းသူမှာ ကားမောင်းလာစဉ် အိပ်ပျော်သွားသည်ဟု သံသယရှိသဖြင့် ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
Ref——Bangkok Post