၈. ၄. ၂၀၂၃
Written by Ye Kyaw
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းတင်သွင်းမှု ဒေါ်လာရှစ်ဘီလျံကျော်ရှိရာ ယခင်တစ်နှစ်ကထက် ဒေါ်လာ နှစ်ဘီလျံကျော် ပိုမိုတင်သွင်းခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း ပို၍တင်သွင်းနိုင်မည်ဖြစ် ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပမှ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းတင်သွင်းမှု ဒေါ်လာ ၈ ဒသမ ၂၉၃ ဘီလျံ အထိတင်သွင်းခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၂ ဒသမ ၁၈၆ ဘီလျံ ပိုမိုတင်သွင်းနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
“ကျန်တာတွေတော့ သိပ်မသိဘူး။ ဆောက်လုပ်ရေးလုပ်ငန်းမှာ သုံးတဲ့ဟာတွေကတော့ တင်သွင်းတာများတယ်။ ဘာလို့လဲဆိုတော့ အလုပ်နည်းနည်းပြန်ကောင်းလာတာ။ ကောင်းလာတယ်ဆိုတာက မရပ်သွားတာ၊ တစ်ခုပြီး တစ်ခု အဆက်မပြတ်ပေါ့နော်။ နောက်ပြီး Developer ပေးထားတဲ့ အစိုးရစီမံကိန်းတွေကလည်း အရင်လူအဟောင်းတွေကို အလုပ်တွေ ပြန်ခေါ်နေတာတွေရှိတယ်။ နောက်နှစ်မှာလည်း ဒီဟာနဲ့ပတ်သက်တဲ့ ကုန်ကြမ်းတင်သွင်းတာ က ထပ်တက်လာနိုင်တယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပမှလုပ်ငန်းသုံးကုန်ကြမ်းတင်သွင်းမှု၌ ပုဂ္ဂလိကလုပ်ငန်းများမှ တင်သွင်းမှု ပမာဏ ဒေါ်လာ ၈ ဘီလျံကျော်ရှိပြီး နိုင်ငံပိုင်လုပ်ငန်းများမှ တင်သွင်းမှု ဒေါ်လာသန်း ၁၂၀ ကျော်သာရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၁၆ ဘီလျံအထိ တင်သွင်းနိုင်မည်ဟု ခန့်မှန်းထားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထက် ဒေါ်လာ နှစ်ဘီလျံအထိ ပိုမိုတင်သွင်းနိုင်မည်ဖြစ်ကြောင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်တွင် ဖော်ပြထားသည်။