၈ .၄ .၂၀၂၃
Written by Hey Mar
ပဲခူးတိုင်းဒေသကြီး သာဂရကိုးပင်လမ်း၊ ဖိုးကျားဆင်စခန်းအနီး၊ကားငှားသူများမှ Taxi ယာဥ်မောင်းကို လည်ပင်း၊ ညာနံရိုးကြား၊ လက် ၊ စသည့်နေရာများကို ဓါးနှင့်ထိုးကာ ယာဥ်အား လုယူပြီး၊ ဖုန်းနှင့် ပိုက်ဆံအိတ်များ ယူဆောင်သွားသည့်ဖြစ်စဥ် မတ်လ ၇ ရက်၊ ည ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး တရားခံများကို အမြန်လမ်းရဲတပ်ဖွဲ့မှ အချိန်နှင့်တစ်ပြေးညီ ပိတ်ဆို့ရှာဖွေ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုယက်ခံရသည့် ယာဥ်မှာ နံပါတ်အနီ YGN 7E/4003 Probox succeed ယာဥ်ဖြစ်ပြီး ရန်ကုန်မှ နေပြည်တော်သို့ အငှားလိုက်မောင်းစဥ် ယခုလို ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လုယက်ခံရသည့် တက္ကစီယာဥ်မောင်း၏ ဇနီးဖြစ်သူကို MT News မှ ဆက်သွယ်မေးမြန်းမှုအရ သိရသည်။
ဇနီးဖြစ်သူက “သူတို့ အမျိုးသမီးတစ်ယောက် အမျိုးသားတစ်ယောက်ပါ ငှားသွားတာက အရင်ကလည်း အဲဒီအမျိုးသမီးက ကားကို ငှားစီးဖူးပါတယ်၊ တစ်နေရာရာ သွားမှာမို့ အော်ဒါ သဘောမျိုး ငှားလိုက်ပြီးမှ မသွားဖြစ်တော့တာတောင် စောင့်ပေးရတာ အားနာလို့ဆိုပြီး ကျသင့်ငွေကိုပေးပါတယ်၊ လွန်ခဲ့တဲ့ သုံးရက်လောက်မှ သိကျွမ်းထားတာပါ၊ သူက ရင်းနှီးအောင်ပေါင်းထားတဲ့ သဘောပါပဲ ၊ အခု နေပြည်တော်သွားရမှာဆိုတော့ အသွားအပြန် ၁၂၀,၀၀၀ ကျပ်နဲ့ လိုက်သွားတာပါ ၊ အခုလို ဖြစ်တာပါ၊ အမျိုးသားကို သေပြီအထင်နဲ့ ချောက်ထဲ ပစ်ထားခဲ့တာမှာ သူက ပြန်ပြီးအတင်းကုန်းတက်ပြီး ၊ ဆင်စခန်းနားကစျေးဆိုင်လေးတွေနား သွားနိုင်လိုက်တော့ ၊ အဲ့သည်ကစျေးရောင်းတဲ့ ကောင်လေးက ကူညီတာ ၊ လူနာတင်ယာဥ်ခေါ်ပေးတယ် ၊ ကျွန်မကိုဆက်သွယ်ပေးတယ် ´´ဟု ဖြစ်စဥ်ကို သိထားသမျှ MT News ကို ပြောသည်။
တက္ကစီမှာ ကိုယ်ပိုင်ယာဥ်ဖြစ်ပြီး မောင်းနှင်သူအမျိုးသားတွင် လက်ထုတ်ချင်းပေါက် ဓါးဒဏ်ရာ ၁ ချက်၊ လည်ပင်းထိုးသွင်းဒဏ်ရာ တစ်ချက် ၊ ညာနံရိုးကြား ထိုးသွင်းဒဏ်ရာကြောင့် အဆုတ်အတွင်း သွေးယိုစိမ့်မှု ဖြစ်ပွားခဲ့ကာ ဆွာပြည်သူ့ဆေးရုံမှတစ်ဆင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ လွှဲပြောင်း ကုသမှု ခံယူနေကြောင်းသိရသည်။
အမြန်လမ်းရဲတပ်ဖွဲ့မှ ဖြစ်စဥ်ကို သိလျှင်သိခြင်း ပိတ်ဆို့ ရှာဖွေစုံစမ်းမှုများ လုပ်ဆောင်ခဲ့ရာ မိနစ် ၄၀ အတွင်း အမြန်လမ်း မိုင် ၅၀ တွင် ကားကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံ နှစ်ဦးအနက် အမျိုးသမီး တရားခံကို ဖမ်းဆီးရမိခဲ့ကြောင်းနှင့်ထွက်ပြေးတိမ်းရှောင်သွားသူ အမျိုးသားတရားခံကိုလည်း ဆက်လက်ရှာဖွေ စုံစမ်းနေကြောင်းသိရသည်။