၈. ၄. ၂၀၂၃
Written by Nyein Kyaw
ပဲခူးမြို့နယ်၊ ညောင်အင်လမ်းဆုံတွင် အိမ်စီးကားလေးနှင့် တိရစ္ဆာန်အစာအိတ်များ တင်လာသည့်ကားကြီး တိုက်မိပြီး ကားကြီးမှာ လမ်းပေါ်တွင် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဧပြီ ၈ ရက် နေ့လည် ၁၂ နာရီခွဲခန့်တွင် ပဲခူးမြို့နယ်၊ ညောင်အင်လမ်းဆုံတွင် အိမ်စီးကား Honda Fit အမျိုးအစားနှင့် တိရစ္ဆာန်အစာအိတ်များ တင်လာသည့်ကားတို့ ဝင်တိုက်မိ၍ တိရစ္ဆာန် အစာအိတ်များတင်လာသည့် ကားကြီးမှာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း အနာဂတ်ကြယ်ပွင့်သွေးနှင့် လူမှုကူညီရေးအသင်းမှ သိရသည်။
“ကျွန်တော်တို့က သက်ကြီးပူဇော်ပွဲအတွက် အလှူလိုက်ခံရင်းနဲ့ ကြုံတာ နေ့လည် ၁၂ နာရီခွဲလောက် ဖြစ်မယ်။ ကားလေးက အိမ်စီးကား Honda Fit အမျိုးအစားဖြစ်ပြီး နောက်ဖင်ကိုထိသွားတာ။ အရမ်းကြီး ထိခိုက်မိတာမရှိဘူး။ ကားမောင်းတဲ့သူနဲ့ စပါယ်ယာကတော့ ပွန်းပဲ့ ဒဏ်ရာရခဲ့တာတော့ရှိတယ်” ဟု အနာဂတ်ကြယ်ပွင့်သွေးနှင့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယာဥ်တိုက်မှုဖြစ်စဥ်ကြောင့် အိမ်စီးကား Honda Fit အမျိုးအစား ကား၏နောက်ဖင်ကို ထိခိုက်မှုဖြစ်ပြီး တိရစ္ဆာန်အစာတင်လာသည့်ကားကြီးတွင်လည်း ယာဥ်မောင်းနှင့် စပါယ်ယာ (ယာဥ်အကူ)မှာ ပွန်းပဲ့ဒဏ်ရာများသာ ရရှိခဲ့ကြောင်းသိရသည်။