၈. ၄. ၂၀၂၃
Written by Nyein Kyaw
စမ်းချောင်းမြို့နယ်၊ ညောင်တုန်းလမ်းရှိ ရှစ်လွှာတိုက်ခန်းပေါ်မှ အသက် (၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျခဲ့ရာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပြီး ဆေးကုသမှုခံယူနေစဥ်အတွင်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဧပြီ ၇ ရက်၊ နံနက် ၆ နာရီ ၅၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ညောင်တုန်းလမ်းရှိ ရှစ်လွှာတိုက်ခန်းပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျခဲ့ကြောင်း အကူအညီ တောင်းခံမှုအရ သွားရောက်ကာ လိုအပ်သည်များပြုစု၍ ရန်ကုန်ဆေးရုံကြီးသို့ လူနာတင်ယာဥ်ဖြင့် အမြန်ဆုံးပို့ဆောင်ပေးခဲ့ကြောင်း စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။
“လူနာကို အရေးပေါ် ရှေးဦးသူနာပြုစုပြီးတော့ ဆေးရုံကို ပို့ပေးခဲ့တာပေါ့။ လူနာကို ဂရုစိုက်ပြီး ဆေးရုံကို အမြန်ဆုံး ပို့ပေးခဲ့တာ။ မနက် ၆ နာရီ ၅၀ လောက်မှာ အစ်မတို့ သွားတာပေါ့။ ရောက်သွားတော့ ခြေထောက်ရယ်၊ ခေါင်းရယ်၊ ခါးမှာတော့ ဒဏ်ရာတွေနဲ့ ထိခိုက်ထားတယ်” ဟု စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင် အမျိုးသမီးက ပြောသည်။
ရှစ်လွှာတိုက်ခန်းပေါ်မှ ပြုတ်ကျခဲ့သည့် အမျိုးသမီးသည် အသက် ၂၁ နှစ်အရွယ်သာရှိပြီး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဥ် ဧပြီ ၇ ရက် နံနက် ၁၀ နာရီ ၅၅ မိနစ်၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး စမ်းချောင်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများက လာရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း စမ်းချောင်းမြို့နယ်ပြည်သူများထံမှ သိရသည်။