၈.၄.၂၀၂၃
Written By Thandar
ဆင်ဆာအဖွဲ့ဝင်တွေအနေနဲ့ ဇာတ်ကားတွေကို စစ်ဆေးရာမှာ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနဲ့ ဗီဒီယို ဥပဒေပြဋ္ဌာန်းချက်အပေါ်အခြေခံပြီး စစ်ဆေးတဲ့အတွက် နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသားချစ်ကြည်ရေး၊ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ရက်စက်ကြမ်းကြုတ်မှုတွေ ပါဝင်မှု မရှိစေရေးနဲ့ ကာမရာဂ လှုံ့ဆော်မှုတွေ ပါဝင်မှုမရှိရေးဆိုတဲ့ စည်းကမ်းချက် ၆ ချက်နဲ့အညီ စစ်ဆေးဆောင်ရွက်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကရုပ်ရှင်ဆင်ဆာအဖွဲ့ဝင်များ၊ဗီဒီယို ဆင်ဆာအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံအစည်းအဝေးမှာ ပြောပါတယ်။
ဒီအစည်းအဝေးကိုတော့ ဧပြီ ၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမှာကျင်းပခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးက ရုပ်ရှင်ရုံများ၌ ရုံတင်ခဲ့သည့် မြန်မာရုပ်ရှင်ဇာတ်ကားတွေ၊ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေ၊ ရုပ်သံလိုင်းတွေက ထုတ်လွှင့်ပြသတဲ့ နိုင်ငံခြားရုပ်ရှင်ဇာတ်ကား၊ မြန်မာစာတန်းထိုးနိုင်ငံခြား ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပြဋ္ဌာန်းထားတဲ့ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေများနဲ့အညီ ပြသနိုင်ဖို့ ဆောင်ရွက်ပေးနေတဲ့ ဆင်ဆာအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ရုပ်ရှင်အနုပညာဆိုတာ စိတ်ကူးဉာဏ်စွမ်းနဲ့ တီထွင်ကြံဆဖန်တီးရတဲ့ ပညာရပ်ဖြစ်ပြီး တချို့အနုပညာဖန်တီးမှုတွေက လွန်ကဲတဲ့ ဖန်တီးမှုမျိုးဖြစ်နေရင်တော့ ပြည်သူတွေအတွက် အဆိပ်အတောက်ဖြစ်နိုင်သလို တင်းကျပ်လွန်းမှုတွေရှိရင်လည်း အနုပညာဖန်တီးမှုအပိုင်းမှာ အားနည်းသွားနိုင်တာကို သတိပြုစေလိုတယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။
ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေကို ပြည်သူများထံ အဆိပ်အတောက် ကင်းကင်းနဲ့ ဖျော်ဖြေတင်ဆက်နိုင်ဖို့အတွက် မူလဖန်တီးထုတ်လုပ်တဲ့အနုပညာရှင်တွေက သတိဝီရိယကြီးစွာနဲ့ ဖန်တီးဖို့လိုအပ်သလို ဆင်ဆာအဖွဲ့ဝင်တွေကလည်း တော်တည့်မှန်ကန်စွာ စိစစ်အကဲဖြတ်ပေးဖို့ လိုအပ်တယ်လို့လည်း ပြောခဲ့ပါတယ်။
ဆင်ဆာအဖွဲ့ဝင်တွေအနေနဲ့ တင်ပြလာတဲ့ ဇာတ်ကားတွေ ပြည်သူများအတွက် အဆိပ်အတောက် မဖြစ်စေဖို့အတွက် လွတ်လပ်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဆင်ခြင်တုံတရားပြည့်ဝမှုတို့နဲ့ ထိန်းသိမ်းစစ်ဆေးပေးခြင်း၊ မိမိနဲ့သက်ဆိုင်တဲ့ဘာသာရပ်အလိုက် အသေးစိတ်စိစစ်ထောက်ညွှန်ခြင်း၊ အကြံပြုပေးခြင်းတို့ကို တွေ့မြင်ရတဲ့အတွက်လည်း ရုပ်ရှင်အနုပညာအပေါ် လေးစားမြတ်နိုး တန်ဖိုးထားသူတွေလို့ မှတ်ယူထားကြောင်း သိရပါတယ်။
ဆင်ဆာအဖွဲ့က ၄ လတာ ကာလအတွင်းမှာ မြန်မာရုပ်ရှင်ဇာတ်လမ်း အပုဒ် ၂၀၊ မြန်မာ ရုပ်ရှင်ဇာတ်ကား ၉ ကား၊ နိုင်ငံခြား ရုပ်ရှင်ဇာတ်ကား ၃၈ ကား၊ မြန်မာဗီဒီယိုဇာတ်ကား ၁၀ ကား၊ ကာရာအိုကေ ၁ ကား၊ ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသတဲ့ နိုင်ငံခြားဇာတ်ကား (မြန်မာစာတန်းထိုး) ၇၇၆ ကား၊ နိုင်ငံခြားဇာတ်လမ်းတွဲ(မြန်မာစာတန်းထိုး၊ မြန်မာနောက်ခံစကားပြော) ၅၇ ကား၊ မြန်မာဇာတ်လမ်းတွဲ ၃၅ ကား၊ Documentary ၂၃ ကား၊ မြန်မာရုပ်သံဇာတ်ကား ၅ ကားတို့ကို စိစစ်ပေးခဲ့ရာ စုစုပေါင်းကြာမြင့်ချိန် ၃,၀၇၅ နာရီခန့်အထိ အချိန်ပေး စိစစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ထိုသို့ ကိုယ်စွမ်းဉာဏ်စွမ်းစိုက်ထုတ်ပြီး ရုပ်ရှင်အနုပညာလောကကောင်းမွန်စွာ ရပ်တည်နိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြု ကူညီဆောင်ရွက်ပေးနေတဲ့ ဆင်ဆာအဖွဲ့ဝင်တွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။
ဆင်ဆာအဖွဲ့ဝင်တွေအနေနဲ့လည်း ကြည့်ရှုစစ်ဆေးရာမှာ တွေ့ကြုံရတဲ့အခက်အခဲတွေ၊ လိုအပ်ချက်တွေ၊ အကြံပြုချက်တွေရှိပါကလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးဖို့လည်း ပြောပါတယ်။
ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်သူများ အသင်းဥက္ကဋ္ဌ ဦးရဲနိုင်စိုးတို့က ရုပ်ရှင်နှင့် ဆင်ဆာလုပ်ငန်းတွေက ထိရောက်စွာဆောင်ရွက်နိုင်ဖို့အတွက် ဆွေးနွေးကြပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ရုပ်မြင်သံကြားထုတ်လွှင့်နေမှု အခြေအနေနဲ့ အွန်လိုင်း မီဒီယာ စည်းကမ်းတကျ ဖြစ်စေရေးအတွက် ထိန်းကြောင်းဆောင်ရွက်နေမှု အခြေအနေတွေကို တင်ပြခဲ့တယ်လို့ သိရပါတယ်။