၈. ၄. ၂၀၂၃
Written by Pan Ei
ဆေးလိပ်သောက်တာကို တင်းကျပ်တဲ့စည်းကမ်းတွေ ထုတ်ထားတဲ့ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ အစိုးရ ဝန်ထမ်းတစ်ဦးဟာ မကြာသေးမီက အလုပ်ချိန်အတွင်း ဆေးလိပ်သောက်မှု အကြိမ်ပေါင်း ၄,၅၁၂ ကြိမ်ကို တွေ့ရှိပြီးနောက် သူ့ရဲ့လစာငွေတွေထဲမှ ယန်း ၁ ဒသမ ၄၄ သန်း (အမေရိကန်ဒေါ်လာ ၁၄,၅၀၀ ကျော်) ကို ပြန်လည်ပေးအပ်ဖို့ ဒဏ်ရိုက်ခံခဲ့ရပါတယ်။
အဆိုပါ အမျိုးသားဟာ စီရင်စုဘဏ္ဍာရေးဌာနမှ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အကြိမ်ကြိမ်သတိပေးချက်တွေကြားမှ အလုပ်ချိန်အတွင်း ဆေးလိပ်သောက်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ဦးနဲ့အတူ ဒဏ်ရိုက်ခံခဲ့ရတာဖြစ်ပြီး အဆိုပါ အမျိုးသားရဲ့ တာဝန်ကျချိန်အတွင်း ဆေးလိပ်သောက်ချိန်မှာ ၃၅၅ နာရီနဲ့ ၁၉ မိနစ်ရှိတယ်လို့ အိုဆာကာရှိ အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အိုဆာကာမြို့မှာ ဆေးလိပ်သောက်တာနဲ့ပတ်သက်ပြီး ကမ္ဘာပေါ်မှ ာအပြင်းထန်ဆုံးဥပဒေအချို့ ချမှတ်ထားပါတယ်။ ရုံးတွေနဲ့ အစိုးရကျောင်းတွေအပါအဝင် အစိုးရဌာနတွေမှာ ဆေးလိပ်သောက်တာကို တားမြစ် ပိတ်ပင်ထားမှုကို ၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အစိုးရဝန်ထမ်းတွေ အလုပ်ချိန်အတွင်း ဆေးလိပ်သောက်တာကို ၂၀၁၉ ခုနှစ်မှာ စတင်တားမြစ်ခဲ့ပါတယ်။
ဒါ့အပြင် အလားတူဖြစ်ရပ်မျိုး ၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့ပြီး အိုဆာကာရှိ အထက်တန်းကျောင်းဆရာတစ်ဦးဟာ အလုပ်ချိန်အတွင်း ဆေးလိပ်သောက်မှု အကြိမ် ၃,၄၀၀ ခန့်ရှိခဲ့တာကြောင့် ပညာရေးဝန်ကြီးဌာနကို လစာ ယန်းတစ်သန်း ပြန်ပေးဖို့ ချမှတ်ခံခဲ့ရပါတယ်။
Ref; The Straits Times