၈. ၄. ၂၀၂၃
Written by Peya
နယ်နိမိတ်တစ်လျှောက်တွင် လက်ရှိဖြစ်ပေါ် နေသည့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းနေသည့်အရေးကိုဖြေရှင်းရန် မြန်မာနိုင်ငံက ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနထံမှ သတင်း ရရှိကာ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သုံးဦးသုံးဖလှယ်အစည်းအဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာ၊ လာအိုနိုင်ငံဝန်ကြီးချုပ် ဆုံဆိုင်းဆီဖန်ဒုံနှင့် တာဝန်ရှိသူများ ဧပြီလ ၇ ရက်နံနက်ပိုင်းက Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးပြုလုပ်ခဲ့ကြသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် မဲခေါင်ဒေသခွဲနိုင်ငံများတွင် မီးလောင်ကျွမ်းမှုနှင့် မီးခိုး မြူငွေ့ဖြစ်ပေါ်မှုများ များပြားလာပြီး ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများနှင့်ထိစပ်နေသည့် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် လာအိုနိုင်ငံ တောင်ပိုင်းတို့တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း ASEAN Specialized Meteorological Center (ASMC) က ထုတ်ပြန်ထားကာ မဲခေါင်ဒေသခွဲတွင် ၂၀၂၃ ခုနှစ် မေလအထိ ပူပြင်းခြောက်သွေ့သည့် ရာသီဥတုဖြစ်ပေါ် မည်ဟု ခန့်မှန်းသဖြင့် မီးလောင်ကျွမ်းသည့်နေရာ (Fire Hotspot) ဖြစ်ပေါ်မှု မြင့်တက်မည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် ၂၀၂၃ ခုနှစ် မေလအထိ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးရာတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအနေဖြင့် Fire Hotspot လျှော့ချရေးနှင့် မီးခိုးမြူငွေ့ထိန်းချုပ်ရေးအတွက် နိုင်ငံအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်းထားရှိပြီး လုပ်ငန်းအစီအမံများရေးဆွဲလျက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောမီးနှင့်နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများကို ထိန်းချုပ်နိုင်ရန်အတွက် နိုင်ငံအလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ လက်ရှိအချိန်တွင် မြေပြင်အခြေအနေနှင့်ကိုက်ညီသည့် မီးလောင်ကျွမ်းမှု အချက်အလက်များ ရရှိနိုင်ရေးနှင့် လေထုအရည်အသွေးစောင့်ကြည့် တိုင်းတာရေးကိရိယာများ တည်ထောင်နိုင်ရေး အပါအဝင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု၊ တောမီးနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် လောင်ကျွမ်းသည့်မီးများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြား ဆွေးနွေးခဲ့သည်။
စွန့်ပစ်ပစ္စည်းများမီးရှို့ပြီး အသေးစားဘိုင်အိုဂတ်စ်များ ထုတ်လုပ်ခြင်းနှင့် စွန့်ပစ်ပစ္စည်းများကို အဝတ်အထည်ထုတ်လုပ်ခြင်းသည် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေကြောင်း၊ ယခုကဲ့သို့လေထုညစ်ညမ်းမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံအလိုက်ဥပဒေများ၊ တိုက်တွန်းဆောင်ရွက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုကို ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံများအနေဖြင့် နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုများကို တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်ပူးပေါင်းမှုများဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုကို ကျော်လွှားရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားသည်။
ထို့နောက် လာအိုနိုင်ငံဝန်ကြီးချုပ်က လက်ရှိမိမိတို့သုံးနိုင်ငံ ရင်ဆိုင်နေရသည့် လေထုညစ်ညမ်းမှုသည် ဘုံဖြေရှင်းရမည့် ကိစ္စရပ်တစ်ခုပင် ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ရည်မှန်းချက်ထားပြီး ကာကွယ်တားဆီးရေး ကိစ္စရပ်များကိုဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထုမှ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် တိုက်တွန်းဆောင်ရွက်လျက်ရှိကြောင်း၊ တောမီးလောင်ကျွမ်းသည့် နေရာများတွင် သတိပေးဆိုင်းဘုတ်များကပ်ခြင်း၊ တောမီးလောင်ကျွမ်းမှုများကို ပျံ့နှံ့မှုမရှိအောင်လည်း တားဆီးဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူရာသီဥတုလေ့လာခြင်းနှင့် ကျန်ရှိသည့် လိုအပ်သည့်ကိစ္စရပ်များကိုလည်း တားဆီးကာကွယ်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အတွေ့အကြုံများအပေါ်မူတည်ပြီးလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ အာဆီယံ၏ လေထုညစ်ညမ်းမှု တိုက်ဖျက်ရေးသဘောတူညီချက်အရ မိမိတို့အနေဖြင့် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာအကူအညီများဖြင့် ဖြစ်နိုင်သမျှ အခြေအနေ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။