၈. ၄. ၂၀၂၃
Written by Nyein Kyaw
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈ ဘီလျံခွဲကျော် ရရှိခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုသည် စုစုပေါင်းပမာဏ၏ ၆၀ ရာခိုင်နှုန်းကျော်အထိ ကုန်သွယ်မှုအများဆုံး ဆောင်ရွက်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို စသည့်နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခု မှတစ်ဆင့် ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈ ဒသမ ၅၇၀ ဘီလျံရရှိခဲ့သည်။
ယင်းအနက် ထိုင်းနယ်စပ်မှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅ ဒသမ ၃၅၆ ဘီလျံ (၆၂ ရာခိုင်နှုန်းကျော်)ဖြင့် ကုန်သွယ်မှုအများဆုံးဆောင်ရွက်ထားခြင်းဖြစ်ပြီး တရုတ်နယ်စပ်မှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃ ဒသမ ၀၇၅ (၃၅ ရာခိုင်နှုန်းကျော်)ဖြင့် ဒုတိယအများဆုံးဆောင်ရွက်ထားခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၂ သန်းကျော်၊ အိန္ဒိယနယ်စပ်မှ ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၆ သန်းကျော်သာ ဆောင်ရွက်ထားပြီး လာအိုနယ်စပ်မှ ကုန်သွယ်မှုဆောင်ရွက်ထားခြင်းမရှိကြောင်း သိရသည်။
အိမ်နီးချင်းနိုင်ငံများသို့ မူဆယ်၊ လွယ်ကျယ်၊ ချင်းရွှေဟော်၊ ကံပိုက်တီ၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့၊ စစ်တွေ၊ ကျောက်ဖြူဇုန်၊ မောင်တော၊ တမူး၊ ရိဒ်၊ ကျိုင်းလပ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကုန်သွယ်မှုဆောင်ရွက်နေခြင်းဖြစ်သည်။