◾️ ယာဉ်မောင်း၏ အလောင်း ကားအတွင်း ညပ်နေသဖြင့် ခက်ခက်ခဲခဲ ထုတ်ခဲ့ရ
၈. ၄. ၂၀၂၃
Written by Peya
မွန်ပြည်နယ်၊ ဘီလင်းမြို့တွင် ခရီးသည်တင်မှန်လုံယာဉ်နှင့် စျေးဝယ်ပြီးပြန်လာသည့် ဟိုက်ဂျက်ကားတို တိုက်မိခဲ့ရာမှ ဟိုက်ဂျက်ယာဉ်မောင်းသေဆုံးပြီး ကားပေါ်ပါသူ အားလုံး ဒဏ်ရာရခဲ့ကြောင်းနှင့် ယာဉ်မောင်း၏ အလောင်းက ကားအတွင်း ညပ်နေသဖြင့် ခက်ခက်ခဲခဲ ထုတ်ခဲ့ရကြောင်း အဆိုပါ ဖြစ်စဉ်တွင် ကူညီဆောင်ရွက်ပေးခဲ့သည့် ဘီးလင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စုစည်းအားမာန် ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ဧပြီလ ၈ ရက် နံနက်အစောပိုင်း ၆ နာရီကျော်အချိန်က တာယာစက်ရုံအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မော်လမြိုင်မြို့ဘက်ကလာသည့် ယူနီဗာဆယ် ခရီးသည်တင်မှန်လုံယာဉ်နှင့် ကျိုက်ထိုမြို့မှ စျေးဝယ်ပြီး ပြန်လာသည့် ဟိုက်ဂျက်ကားတို့ တိုက်မိခဲ့ခြင်း ဖြစ်သည်။ ထိုယာဥ်တိုက်မှုကြောင့် ဟိုက်ဂျက်ကားပေါ်မှ အသက် ၂၇ နှစ်အရွယ်ခန့်ရှိ ယာဉ်မောင်အမျိုးသားနှင့် အမျိုးသမီး ၃ ဦးပါလာရာတွင် ယာဉ်မောင်းသေဆုံးခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့သည့်အနက် ကားခေါင်းခန်းက လိုက်ပါသည့် အမျိုးသမီးကြီးမှာ လက်ကျိုးသည့်အပြင် ဒဏ်ရာပြင်းထန်သောကြောင့် သထုံပြည်သူ့ဆေးရုံကြီးကို တင်ပို့လိုက်ရကြောင်း ၎င်းက ဆိုသည်။
“(အလောင်းကို) တော်တော်ထုတ်ရတယ်။ ကရိန်းကားလည်း ခေါ်ရတယ်။ မီးသတ်တွေလည်း အကူအညီ တောင်းရတယ်။ (ကားကို) ဖြတ်ပြီးတော့ ဆွဲထုတ်ရတာ” ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်မှာ မည်သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အကြောင်းရင်းကို သေချာစွာ သိရခြင်းမရှိသေးသော်လည်း မျက်နှာချင်းဆိုင်တိုက်သည်ဟု ယူဆရကြောင်းလည်း ၎င်းက ဆိုသည်။