MT News
Written by Min Mahar
ဧပြီလ ၇ ရက် မနက်ပိုင်းက မန္တလေးမြို့တွင် ရဟန်းတစ်ပါးအား သေနတ်သမားက ချောင်းမြောင်း ပစ်ခတ်သ-တ်ဖြတ်၍ ပျံလွန်ရမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၇ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ ချမ်းသာကြီးဆန်လှူအသင်းဘေးရှိ သင်းပျံ့ဝေထမင်းဆိုင်တွင် ရဟန်းတော်တစ်ပါးအား အမည်မသိအမျိုးသားနှစ်ယောက်မှ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး အနောက်မှာထိုင်လိုက်လာသူက သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“ထမင်းဆိုင်မှာ ထိုင်နေတဲ့ရဟန်းတစ်ပါးကို လူမဆန်တဲ့ ငရဲမကြောက်တဲ့ လူငယ် ၂ ယောက်က ပစ်သ-တ်သွားတာ။ ခေတ်ကြီးက ရဟန်းသံဃာလည်းမရှောင် သ-တ်ကုန်ကြတော့ အရမ်းကြောက်စရာကောင်းနေပြီ။ ဘာသာတရားလည်းမရှိတော့ဘူး။ ဆီးခုံကိုထိပြီးတော့ ဆေးရုံရောက်မှသေသွားတာလို့ကြားတယ်။ မြို့ခံရဟန်းတော့မဟုတ်ဘူး ချမ်းသာကြီးကျောင်းတိုက်ကိုလာတည်းနေတဲ့ ဧည့်သည်သံဃာပဲဖြစ်တယ်”ဟု အခင်းဖြစ်ရာအနီးတွင်ရှိသော မျက်မြင်တစ်ဦးက MT News ထံ ပြောသည်။
အဆိုပါရဟန်းတော်သည် ချမ်းသာကြီးတောင်တိုက်သို့ရောက်ရှိတည်းခိုနေသော အာဂန္တုရဟန်းတစ်ပါးဖြစ်ပြီး ပစ်ခတ်မှုကြောင့် ဆီးခုံကိုသေနတ်ထိမှန်သေဆုံးသွားသဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး တရားခံများအားဖမ်းဆီးရမိရးအတွက်ဆောင်ရွက်နေကြသော်လည်း ရဟန်းတော်အား ပစ်ခတ်သ-တ်ဖြတ်သွားသူများသည် မည်သည့်အဖွဲ့က မည်သည့်အတွက်ကြောင့် လုပ်ကြံသ-တ်ဖြတ်သွားသည်ကိုမူ သိရှိရမှုရှိသေးကြောင်း သိရသည်။