MT News
Written by Naing Thuta
ဧပြီ ၈ ရက်၌ ကျရောက်မည့် တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)နှစ်ပတ်လည်နေ့တွင် အထူးအစီအစဉ်များအဖြစ် အမှတ်တရဓာတ်ပုံ(သို့) လက်မှတ်အဟောင်းပြနိုင်ပါက အစောဆုံးလာရောက်လည်ပတ်သည့် အယောက် ၁၀၀ ကျော်ကို အခမဲ့ဝင်ခွင့်ပေးမည့်အပြင် စတုဒီတာကျွေးမွေးခြင်းများလည်းပြုလုပ်သွားမည်ဟု သိရသည်။
ဧပြီ ၇ ရက် ညနေ ၃ နာရီတွင်လည်း တိရစ္ဆာန်ဥယျာဉ်အတွင်း၌ပင် ဝန်ထမ်းများအား နှစ်ပတ်လည်နေ့အကြိုအနေဖြင့် နိဗ္ဗာန်စျေးများပြုလုပ်ကာ စတုဒိသာများကျွေးမွေးခြင်း၊ ဝန်ထမ်းများအတွင်း သင်္ကြန်အကြိုအဖြစ် ရေကစားခြင်းများလည်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
“ဒီနေ့က ဥယျာဉ်(၃၄)နှစ်ပြည့်အတွက် အကြိုအဖြစ် ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေနဲ့ လာရောက်လည်ပတ်တဲ့ ဧည့်သည်တော်တွေကို ကြာဆံကြော်၊ ခေါက်ဆွဲကြော်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်၊ ရွှေကြည် ဆနွင်းမကင်း၊ မုန့်ဆန်းနဲ့အကင်စုံတွေကို စတုဒိသာကျွေးခဲ့တာပါ။ မနက်ဖြန်ကျရင်လည်း သံဃာ ၅ ပါးပင့်ပြီးတော့ ဆွမ်းကပ်မယ်။ ဧည့်သည်တွေအတွက် ကြာဇံဟင်းခါးကျွေးမယ်။ အထူးအစီအစဉ်အနေနဲ့ လာရောက်လည်ပတ်သူတွေထဲက အမှတ်တရဓာတ်ပုံအဟောင်းတွေနဲ့ လက်မှတ်အဟောင်းပြနိုင်တဲ့ အရင်လာတဲ့ အယောက် ၁၀၀ ကျော်ကို အခမဲ့ဝင်ခိုင်းမှာပါ။ နေ့လည်ကျရင် လာရောက်လည်ပတ်သူတွေကိုလည်း မုန့်လက်ဆောင်နဲ့ ရွှေရင်အေးတိုက်သွားမယ်”ဟု တိရစ္ဆာန်ဥယျာဉ်၊ စိုက်/သန့်ဌာနခွဲမှူး ဦးတင်စိုးက MT News သို့ ပြောသည်။
ယနေ့ နှစ်ပတ်လည်တွင် မနက် ၁၀ နာရီ၌ သံဃာတော်များပင့်ဖိတ်ကာ ဆွမ်းကပ်ခြင်း၊ ဧည့်ပရိသတ်များအား ကြာဇံဟင်းခါးဖြင့်ဧည့်ခံကျွေးမွေးခြင်း၊ လာရောက်လည်ပတ်မည့်သူများအတွက် ရွှေရင်အေး/မုန့်လက်ဆောင်းတို့ကို အခမဲ့တိုက်ကျွေးသွားမည်ဖြစ်ပြီး ဧပြီ ၈ ရက် မွေးဖွားသော လာရောက်သူ ဧည့်သည် ၃၄ ဦးကိုလည်း အမှတ်တရအင်္ကျီလက်ဆောင် ၃၄ ထည် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်လာရောက်လည်ပတ်ဖူးသည့် အမှတ်တရဓာတ်ပုံ (သို့) ဝင်ခွင့်လက်မှတ်ဟောင်းပြသနိုင်ပါက ဧပြီ ၈ ရက်၊ နံနက် ၈ နာရီမှ နံနက် ၉ နာရီအတွင်း လည်ပတ်သူဧည့်သည်များကို ၃ ယောက် တစ်ဖွဲ့အဖြင့် ၃၄ ဖွဲ့တိတိ စုစုပေါင်း ၁၀၂ ယောက်ကိုအခမဲ့ဝင်ခွင့်ပေးသွားမည်ဟု သိရသည်။
(၁၉၈၉)ခုနှစ်၊ ဧပြီ(၈)ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)သည် ဧရိယာ အကျယ်အဝန်း (၅၃.၂၁)ဧက ကျယ်ဝန်းပြီး သစ်ပင်၊ ပန်းမန်များစွာရှိခြင်း၊ တိရစ္ဆာန် အမျိုးပေါင်း စုံလင်စွာရှိခြင်း၊ မန်းတောင်ရိပ်ခိုလှုံကာ အေးချမ်းသည့် နေရာတွင် တည်ရှိခြင်းတို့ကြောင့် အများပြည်သူများအတွက် ဗဟုသုတလည်းရကာ အနားယူရင်းအပန်းဖြေနိုင်သည့် တိရစ္ဆာန်ဥယျာဉ်ဖြစ်သည်။
၎င်းဥယျာဉ်ဖွင့်လှစ်ပြီးချိန်မှစ၍ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလအထိ သစ်တောရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးခဲ့ကာ နိုင်ံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရမှ ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့ပြီးနောက် “ထူး”ကုမ္ပဏီက ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှ ယနေ့အထိ တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)တွင် ရှားပါးကြယ်လိပ်များကို ပြသထားသည့်အပြင် နို့တိုက်သတ္တဝါ (၃၂) မျိုး၊ ကျေးငှက် (၄၈) မျိုး၊ တွားသွားသတ္တဝါ (၁၅) မျိုးအား မွေးမြူထိန်းသိမ်း စောင့်ရှောက်ပြသထားကြောင်းလည်း သိရသည်။