ပြီးခဲ့သည့် မတ်လအတွင်းကလည်း မင်္ဂလာဒုံမှာပင် Probox Taxi သုံးစီး လုယက်ခံထားရပြီး တရားခံများ လွတ်မြောက်နေ
၈. ၄ .၂၀၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာအိမ်ရာဝန်းအတွင်း ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က အငှားယာဥ်မောင်းကို အုတ်ခဲနှင့်ထုကာ ကားလုယက်သည့် ဖြစ်စဥ်မှ လုယက်သူများကို ဧပြီ ၇ ရက် ည ၇ နာရီဝန်းကျင်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ တာဝန်သိပြည်သူများ၊ ကားဆရာများနှင့် ပရဟိတအသင်းများက ပူးပေါင်းဖမ်းဆီးနိုင်ခဲ့သည်ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News သို့ ပြောသည်။
အဆိုပါ လုယက်ခံရမှုဖြစ်စဥ်ကို MT News က သတင်းဖော်ပြခဲ့ပြီးဖြစ်ပြီး လုယက်သူနှစ်ဦးမှာ အသက် ၆၀ ကျော်ယာဥ်မောင်းကို ဇေကမ္ဘာအိမ်ရာဝန်းအရောက်အုတ်ခဲနှင့်ထုကာ ဖုန်းအပါအဝင် အငှားယာဥ်မောင်းနှင်ရငွေ ကျပ် ၅၀၀၀၀ ခန့်ကိုပါ လုယက်ယူဆောင်သွားကြောင်း သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။
ထိုဖြစ်စဥ်မှ လုယက်ခံရသည့် 7J/4925 AD Van (နွားကြီး) အမျိုးအစား ခဲဖြူရောင်ကို City Taxi ဆိုသည့်နေရာအား စတစ်ကာအုပ်ကာ နံပါတ်ပြားဖြုတ် မောင်းနှင်လာသည်ကို တွေ့မိသည့် တက္ကစီယာဥ်မောင်းတစ်ဦးက ပရဟိတအဖွဲ့များသို့ လှမ်း၍ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ထိုသို့အကြောင်းကြားမှုကြောင့် ပရဟိတအသင်းများချိတ်ဆက်အကြောင်းကြားကာ ဝိုင်းဝန်းဖမ်းဆီးရာမှ ကားလုယက်သူ သုံးဦးအနက် နှစ်ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူထံမှ သိရသည်။
“ကားက မြောက်ဒဂုံ ပင်လုံလမ်းပေါ်ကို မောင်းသွားတာကို တက္ကစီဆရာမြင်ပြီး မသင်္ကာစရာမို့လို့ သူလိုက်ကြည့်ရင်း ကျွန်တော်တို့ ပရဟိတ ညီအစ်ကိုတွေဆီ အကြောင်းကြားတာပေါ့။ ကျွန်တော်တို့က မြို့နယ်အသီးသီးကို ချိတ်ဆက်ပြီးလိုက်တော့ အဲဒီသူလုယက်သူတွေက ကားကို မြောက်ဒဂုံက ၇/၈ လမ်းဆုံ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရပ်ထားခဲ့ပြီးတော့ လူချည်းပဲ ထွက်ပြေးတယ်။ အဲဒီနားက ကားဘော်ဒီရုံနား၊ ပြည်ထောင်စုလမ်းနဲ့ ခရေလမ်းထောင့်မှာ ဖမ်းမိပါတယ်။ ၃ ဦးမှာ ၂ ဦး မိလိုက်တယ်။ ကားရော လူရော ရဲစခန်းပို့ပြီး ကားကို ပိုင်ရှင်ပြန်ထုတ်လို့ရအောင်အထိပါ ကူညီပေးခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။