October 30, 2024

ပြည်တွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား တာဝန်ရှိသူများ သွားရောက်လေ့လာစစ်ဆေးစဥ် (Photo -MIFER)

၁၁. ၁၀. ၂၀၂၂

Written by Tha Doe

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရာတွင် ဇူလိုင်လက ဒေါ်လာ သန်း ၁၀၀၀ ကျော် ဝင်ရောက်ပြီးနောက် ဩဂုတ်နှင့် စက်တင်ဘာတွင် ဒေါ်လာ ၁၀ သန်းကျော်စီသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခြင်း ကျဆင်းခဲ့ကြောင်း သိရသည်။

ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရာတွင်ဧပြီလကုန်၌ ဒေါ်လာ ၅ ဒသမ ၉၉၅ သန်း၊ မေလကုန်တွင် ဒေါ်လာ ၁၅ ဒသမ ၃၃၂ သန်း၊ ဇွန်လကုန်တွင် ဒေါ်လာ ၂၁ ဒသမ ၉၉၁ သန်း၊ ဇူလိုင်လကုန်တွင် ဒေါ်လာ ၁၂၂၀ ဒသမ ၅၂၅ သန်း ဝင်ရောက်ခဲ့ပြီး အဆိုပါလတွင် စွမ်းအင်ကဏ္ဍသို့ ဒေါ်လာ ၇၀၂ ဒသမ ၄၀၃ သန်းနှင့် ဝန်ဆောင်မှုကဏ္ဍသို့ ဒေါ်လာ ၃၇၆ ဒသမ ၀၆၈ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဩဂုတ်လကုန်တွင် ဒေါ်လာ ၁၂၃၀ ဒသမ ၈၆၈ သန်း ဝင်ရောက်ခဲ့ပြီး စက်တင်ဘာလကုန်တွင် ဒေါ်လာ ၁၂၄၁ ဒသမ ၁၆၀ သန်းသာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဒေါ်လာသန်း ၁၃၀၀ ကျော် ဝင်ရောက်ထားပြီး အဆိုပါ ပမာဏမှာ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုထက် ငါးဆကျော်ပိုမိုများပြားသည့်အပြင် အမေရိကန်ဦးဆောင်သည့် အဖွဲ့ဝင်နိုင်ငံများဖြစ်သော QUAD၊ AUKUS အဖွဲ့တို့မှလည်း ဒေါ်လာသန်းချီ ဝင်ရောက်မြှုပ်နှံထားသည်ကို တွေ့ရှိရသည်ဟု အမေရိကန်အဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့် လည်ပတ်နေသော မြန်မာ့မဟာဗျုဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) က အလေးထားရမည့်အချက်အလက်ဒေတာများ အမှတ်-၂၉ လေ့လာမှုတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ပထမခုနစ်လတာကာလအတွင်း အာဆီယံနိုင်ငံများမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော် ရှိခဲ့သည်။ တရုတ်ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂၅၇ သန်း ကျော်ဖြစ်ပြီး ဒုတိယအများဆုံး ဖြစ်သည်။ အာဆီယံ၏ ရင်းနှီးမြှုပ်နှံမှုသည် တရုတ်နှင့်နှိုင်းယှဥ်ပါက ငါးဆကျော် များပြားသည်ကိုတွေ့ရှိရသည်။ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတေးလျနိုင်ငံတို့ ပါဝင်ကြသည့် QUAD အဖွဲ့မှ အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော် ဝင်ရောက်ခဲ့ပြီး အမေရိကန်၊ ဗြိတိန်၊ သြစတေးလျနိုင်ငံတို့ ပါဝင်သည့် AUKUS အဖွဲ့မှ အမေရိကန်ဒေါ်လာ သုံးသိန်းကျော် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့သည်။ ဥရောပသမဂ္ဂ (EU) ၏ ရင်းနှီးမြှုပ်နှံမှုသည်လည်း အမေရိကန်ဒေါ်လာ လေးသန်း ရှိခဲ့သည်။ သို့သော် အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု လုံးဝဝင်ရောက်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်ဟု ISP Myanmar က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအား ကိုးကားဖော်ပြထားသည်။

ထိုသို့ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို နှိင်းယှဥ်တွက်ချက်ရာတွင် ဟောင်ကောင်၏ ရင်းနှီးမြှုပ်နှံမှုများအား တရုတ်ရင်းနှီးမြှုပ်နှံမှုထဲသို့ ထည့်သွင်း တွက်ချက်ထားကြောင်းနှင့် AUKUS တွင် အမေရိကန်၊ ဗြိတိန်နှင့် သြစတေးလျတို့ ပါဝင်ကာ QUAD တွင် အမေရိကန်၊ သြစတေးလျ၊ ဂျပန်နှင့် အိန္ဒိယတို့ ပါဝင်သည်ဟုလည်း အသိပေးထားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်‌ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော် ဝင်ရောက်ခဲ့ပြီး SAC လက်ထက်တွင် ဒုတိယအများဆုံး ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု ပမာဏဖြစ်သည်။ လအလိုက်နှိင်းယှဥ်ကြည့်ပါက ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော် ဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလတွင် ၂၄ သန်း နီးပါးသာ ဝင်ရောက်ခဲ့သည်။ မတ်လတွင်မူ အမေရိကန်ဒေါ်လာ ၁၁၆ သန်းကျော်အထိ ပြန်ဝင်ရောက်ခဲ့ပြီး၊ ဧပြီလတွင် ခြောက်သန်းနီးပါးသာ ဝင်ရောက်ခဲ့သဖြင့် အနည်းဆုံးဖြစ်ခဲ့သည်။ မေလတွင် အမေရိကန်ဒေါ်လာ ကိုးသန်းကျော်နှင့် ဇွန်လတွင် ခြောက်သန်းကျော်သာ ဝင်ရောက်ခဲ့သော်လည်း ဇူလိုင်လတွင် သန်း ၁,၂၀၀ နီးပါး ပြန်လည်ဝင်ရောက်ခဲ့သည်။ ဇွန်လနှင့် နှိင်းယှဥ်ပါက တစ်လအတွင်း ရင်းနှီးမြှုပ်နှံမှု အဆ ၁၈၀ နီးပါး မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ထိုရင်းနှီးမြှုပ်နှံမှုတွင် စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ကျော်နှင့် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ပါဝင်ခဲ့သည်ဟု ISP Myanmar ၏ စစ်တမ်းတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရာတွင် ယခုနှစ် စက်တင်ဘာလကုန်အထိ ဒေါ်လာ ၉၂၃၂၄ ဒသမ ၇၂၇ သန်းအထိ ဝင်ရောက်ထားပြီး SEZ များသို့ ဒေါ်လာ ၂၁၈၈ ဒသမ ၀၉၀ သန်းအထိ ဝင်ရောက်ထားသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းဝင်ရောက်ခြင်းမှာ ဒေါ်လာ ၉၄၅၁၂ ဒသမ ၈၁၇ သန်း ဝင်ရောက်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *