၈. ၄. ၂၀၂၃
Written by Nay Moe
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် NUG နှင့် ပူးပေါင်းဆောင်ရွက်မှုမရှိပါက ထိုင်းအစိုးရ၏ အများပိုင်ကုမ္ပဏီ PTT အား စင်ကာပူအနုညာတခုံရုံးတွင် တရားစွဲမည်ဟု NUG က မတ် ၂၀ ရက်တွင် ထုတ်ပြန်ပြောဆိုအပြီး ထိုင်းအစိုးရက ထိုင်းနိုင်ငံအတွင်း ခိုလှုံနေသော NUG နှင့် PDF အဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးနေသကဲ့သို့ မတ်လ ၃၁ ရက်တွင်လည်း ထိုင်းနိုင်ငံအတွင်း ဆေးကုသရန် ဝင်ရောက်ခဲ့သည့် PDF သုံးဦးကို ဖမ်းဆီးကာ လက်ရှိအာဏာရယူထားသည့် SAC အစိုးရထံ တရားခံလွှဲပြောင်းပေးမှုပြုခဲ့သည်။
ထိုဖြစ်စဥ်တွင် ထိုင်းအစိုးရက ဖမ်းဆီးပြီး မြန်မာအစိုးရထံ လွှဲပြောင်းပေးခံရသည့် PDF သုံးဦးမှာ Lion Battalion စစ်ကြောင်းမှ ရဲဘော်သီဟ ၊ ရဲဘော် စောဖြိုးလေး၊ ရဲဘော် ထက်နေဝင်းတို့ဖြစ်ပြီး မဲဆောက်မှ မြ၀တီဘက်အခြမ်းသို့ ကူးစဉ် ထိုင်းရဲနှင့် စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ထိုင်း လ၀က အချုပ်တွင် ချုပ်နှောင်ပြီး BGF တပ်ဖွဲ့ထံ အပ်နှံရန် လုပ်ဆောင်ခဲ့သည်။ ထိုသို့ ထိုင်းဘက်က လုပ်ဆောင်သည့်အတွက် BGF ကမ်းမရောက်မီ PDF ၃ ဦးက ရေထဲခုန်ဆင်းရာ BGF တပ်ဖွဲ့က ပစ်ခတ်၍ ရဲဘော်သီဟမှာ ကျည်ထိမှန် သေဆုံးပြီး ရဲဘော် စောဖြိုးလေးနှင့် ရဲဘော်ထက်နေဝင်းမှာ ဒဏ်ရာများဖြင့် BGF က ဖမ်းဆီးလိုက်ကာ SAC ထံ အပ်နှံလိုက်ကြောင်း NUG ထောက်ခံသတင်းမီဒီယာများက ဖော်ပြခဲ့သည်။
ထို့ကြောင့် NUG က ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ တွင် PDF လူငယ် (၃) ဦးအား ထိုင်းနိုင်ငံ အာဏာပိုင်များက ဖမ်းဆီး၍ SAC လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ထံသို့ နိုင်ငံတကာ ရဲလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ လွှဲပြောင်းပေးအပ်ခဲ့သည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်ကို တွေ့ရှိရသည်ဟု ဧပြီ ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် လုပ်ရပ်သည် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံအတွင်း ရွေ့ပြောင်းခိုလှုံရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ အသက်အန္တရာယ်နှင့် လုံ ခြုံရေးကို ခြိမ်းခြောက်လာသည့် ကိစ္စရပ်ဖြစ်သော ကြောင့် NUG အနေဖြင့် မိမိနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိသည်နှင့်အညီ အဆိုပါဖြစ်စဉ်နှင့်တကွ အလားတူဖြစ်စဉ်များကို အထူးအလေးထားဦးစားပေး၍ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် ဆက်သွယ်ညှိနှိုင်း၊ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သို့သော်လက်ရှိအချိန်တွင် ထိုင်းအစိုးရက NUG နှင့် PDF အဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးနေသည့်အတွက် NUG နှင့် PDF အဖွဲ့ဝင်များမှာ ယခင်ကဲ့သို့ ထိုင်းနိုင်ငံဘက်ခြမ်းတွင် ခိုလှုံနေထိုင်ရဲခြင်းမရှိဘဲ မြန်မာတိုင်းရင်းလက်နက်ကိုင်နယ်မြေများသို့ တိမ်းရှောင်ခိုလှုံနေရကြောင်းလည်း သိရသည်။