၇. ၄. ၂၀၂၃
Written by Nay Moe
နွေဦးတော်လှန်ရေးအတွက် တိုက်ခိုက်နေသည်ဆိုသည့် KNU၊ KTLA၊ PDF ပူးပေါင်းတပ်များမှ ခေါင်းဆောင်များနှင့်အတူ သွေးသစ္စာရေသောက်ခဲ့သည့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗျုဟာမှူးနှင့် တပ်ရင်းမှူးကို စည်းကမ်းမလိုက်နာမှုဖြင့် ထုတ်ပယ်လိုက်သည်ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ စစ်ရေးချုပ်ဗိုလ်ချုပ်စောအယ်ခူက ယနေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။
ထုတ်ပယ်ခံရသည့် ဗျုဟာမှူးမှာ စစ်ဗျုဟာ (၂) ၏ ဗျုဟာမှူး ဗိုလ်မှူးကြီးစောလက်ကိုင်နှင့် တပ်ရင်း (၇၀၈) ၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စော်ကျော်ဂရောင်းတို့ဖြစ်ပြီး ၎င်းတို့မှာ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့အစည်း၏ ဗဟိုကော်မတီမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဦးစီးဌာနချုပ်မှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များအပေါ် လေးစားလိုက်နာခြင်းမရှိဘဲ ချိုးဖေါက်ကျူးလွန်ခြင်းကြောင့် ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကရင့်တော်လှန်ရေးအတွက် ကော်သူးလေနယ်မြေတွင် သွေးသစ္စာရေသောက်သည့်အခမ်းအနားကျင်းပခဲ့ကာ အဆိုပါ အခမ်းအနားတွင် NUG ဩဇာခံစစ်ကြောင်းများမှ စစ်ကြောင်းမှုးများ၊ KTLA မှ စစ်ဦးစီးချုပ်ဗိုလ်ချုပ်စောနယ်ဒါးမြတို့အပါအဝင် KNU/KNLA Peace Council မှ စစ်ရေးခေါင်းဆောင်ငါးဦး သွေးသစ္စာရေသောက် အခမ်းအနားကို တက်ရောက်ကတိပြုခဲ့သည်ဟု Lion Battalion Commando-ဗျူဟာစစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ကတိသစ္စာပြုခဲ့သည့် စစ်ရေးခေါင်းဆောင်များမှာ ကော်သူလေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောနယ်ဒါးမြ၊ Lion Battalion Commando-ဗျူဟာစစ်ကြောင်း ဗျူဟာမှူးဗိုလ်အယ်စေးဝါး၊ KNU/KNLA Peace Councilဗျူဟာ(၂)မှ ဗျူဟာမှူးဗိုလ်လက်ကိုင်၊ KNU/KNLA Peace Council ဗျူဟာမှူး စောဘလို၊ KNU/KNLA Peace Council တပ်ရင်းမှူး ဗိုလ်ကျော်ဂရောင်း၊ KNDO တပ်ရင်းမှူး ဗိုလ်မောင်ချစ်၊ KNU တပ်ရင်း(၁၀၁)တပ်ရင်းမှူး ဗိုလ်ဖိုးဒူ၊ KNU တပ်ရင်း (၁၉) တပ်ရင်းမှူး ဗိုလ်ချာနား၊ BGF တာတိုဝါးစစ်ကြောင်း တပ်နယ်(၃) တပ်ရင်းမှူး ဗိုလ်ထူးအယ်မှူး၊ KNU/KNLA Peace Council (၇၇၇) ဒုတပ်ရင်းမှူး ဗိုလ်ဖားအဲ့၊ Lion Battalion Commando-ဗျူဟာစစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်စောလား၊ Cobra Column စစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်ဒါဘော၊ Cobra Column စစ်ကြောင်း ဒုစစ်ကြောင်းမှူး ဗိုလ်စောကော်၊ ကျားဖြူစစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်ကျော်သက်၊ နဂါးဖြူစစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်ကလယ်န၊ NUGတောင်ပိုင်းတိုင်း တပ်မဟာမှူး ဗိုလ်စောရှားဖောင်၊ KNU (၁၀၁)တပ်ခွဲမှူး ဗိုလ်မောင်မြင့်၊ KNU/KNLA Peace Council (၇၀၈)တပ်ခွဲမှူး ဗိုလ်စောအယ်ကလိုထူးတို့ဖြစ်ပြီး KNU/KNLA Peace Council မှ စစ်ရေးခေါင်းဆောင်ငါးဦးအနက် ၂ ဦးမှာ လက်ရှိအချိန်တွင် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။
KNU/KNLA (PC) သည် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းဖြစ်သည်။ ကနဦးသိရှိရသော သတင်းများအရ ထုတ်ပယ်ခံရသူနှစ်ဦးမှာ NCA မူအား သွေဖည်၍ လက်ရှိတိုက်ပွဲများအကြားတွင် ကရင်လက်နက်ကိုင်အချို့ဘက်မှ ပူးပေါင်းကာ တပ်မတော်အား ပြန်လည်တိုက်ခိုက်ခြင်းကြောင့်ဖြစ်သည်ဟု သိရပြီး ထုတ်ပယ်ခံရသည့်ဖြစ်စဥ်အမှန်ကို MT News သတင်းဌာနက ဆက်လက်စုံစမ်းအတည်ပြုနေကာ အသေးစိတ်သိရှိရသည်များကို ထပ်မံဖော်ပြပေးမည်ဖြစ်သည်။