◾️လေဆိပ်တိုက်ခိုက်ခံရမှုတွင် ရှော့ခ်တိုက်ဒုံးနှစ်လုံး ထိမှန်သော်လည်း ထိခိုက်ပျက်စီးမှုမရှိဘဲ မီးအနည်းသာလောင်ကျွမ်းဟု သိရ
၇. ၄. ၂၀၂၃
Written by Nay Moe
မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မြို့ပြ PDF သုံးဖွဲ့ပေါင်းကာ ရှော့ခ်တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တပ်တွင်းမဏ္ဍပ်များကို ဆက်လက်ပစ်ခတ်မည်ဟု ယနေ့တွင် PDF သုံးဖွဲ့ပေါင်းကာ ကြေညာလိုက်ပြီး ထိုကဲ့သို့ လေဆိပ်တိုက်ခိုက်ခံရမှုတွင် ရှော့ခ်တိုက်ဒုံးနှစ်လုံး ထိမှန်သော်လည်း ထိခိုက်ပျက်စီးမှုမရှိဘဲ မီးအနည်းသာလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်မှာ ဧပြီလ ၆ ရက် ည ၉ နာရီကျော်အချိန်တွင် မြို့ပြတော်လှန်ရေးအဖွဲ့ BWM ၏ ပံ့ပိုးမှုဖြင့် Liberty Thunder နှင့် Anonymous Mission Team Alpha တို့ ပူးပေါင်းကာ မင်္ဂလာဒုံလေတပ်အား ရှော့ခ်တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ထို့အတူ ယင်းတို့ PDF သုံးဖွဲ့အနေဖြင့် တပ်တွင်း သင်္ကြန်မဏ္ဍပ်များကို တိုက်ခိုက်ရန် ၁၀၇ မမ ရှော့ခ်တိုက်ဒုံးများ အလုံအလောက်ရှိနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ PDF ၃ ဖွဲ့က မင်္ဂလာဒုံလေတပ်အား ရှော့ခ်တိုက်ဒုံး ၇ လုံးဖြင့် တိုက်ခိုက်မှုတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ပြေးလမ်းအမှတ် ၂/၁ ၏အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာ ကွင်းပြင်တွင် ၁၀၇ မမရှော့ခ်တိုက်ဒုံး ၁ လုံးနှင့် ပြေးလမ်း၏အနောက်ဘက် မီတာ ၄၀၀ ခန့်အကွာ တပ်မတော်သူနာပြုဆေးတက္ကသိုလ်နှင့် လေဆိပ်ခြံစည်းရိုးအနီးရေမြောင်းဘေးတွင် ၁၀၇ မမရှော့ခ်တိုက်ဒုံး ၁ လုံး ပေါက်ကွဲခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် လူ၊ ပစ္စည်း ထိခိုက်မှုမရှိဘဲ ဖြစ်စဉ်ဖြစ်ပွားရာနေရာအနီးတဝိုက်မှ ၁၀၇ မမရှော့တိုက်ဒုံး ကိုယ်ထည်သံအပိုင်းအစနှင့် သံတိုသံစများ တွေ့ရှိခဲ့ပြီး တပ်မတော်သူနာပြုနှင့် ဆေးတက္ကသိုသ်ခြံစည်းရိုးနှင့် လေဆိပ်ခြံစည်းရိုးအနီးရှိ ကိုင်းတောနှင့် မြက်ခင်းပြင်မီးလောင်မှုအနည်းငယ်ဖြစ်ပွားခဲ့ရာ လေဆိပ်မီးသတ်ယာဉ် ၂ စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီခွဲအချိန် မီးငြိမ်းသွားခဲ့ကြောင်းနှင့် ရှော့ခ်တိုက်ဒုံးဖြင့် ပစ်ခတ်သူများအား ဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့သော်လည်း ဖမ်းဆီးရမိမှုမရှိခဲ့ကြောင်း သိရသည်။