MT News
၇. ၄. ၂၀၂၃
ယခုလက်ရှိ ၂၀၂၃-၂၀၄ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ကျပ် ၅၆၃၅ ဘီလျံကျော် သုံးစွဲမည်ဖြစ်ပြီး ယမန်နှစ်က သုံးစွဲခဲ့သည့် ကျပ် ၃၇၀၄ ဘီလျံထက် ကျပ် ၁၉၃၁ ဘီလျံကျော် ပိုမိုသုံးစွဲမည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် ဖော်ပြထားမှုအရ သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာနက ကျပ် ၅၆၃၅ ဘီလျံကျော်အပြင် ဒုတိယအများဆုံးအဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ကျပ် ၄၃၂၂ ဘီလျံကျော်ဖြင့် ဒုတိယအများဆုံးသုံးစွဲမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနက ကျပ် ၂၁၈၈ ဘီလျံကျော်၊ ပြည်ထဲရေးဝန်ကြီးဌာနက ၅၂၅ ဘီလျံကျော်အပြင် နယ်စပ်ရေးရာဝန်ကြီးဌာနက ကျပ် ၉၃ ဘီလျံကျော် စသည်ဖြင့် သုံးစွဲမည်ဖြစ်သည်။
“ကာကွယ်ရေးက နှစ်စဉ် ဒေါ်လာ ၂ ဘီလျံလောက်သုံးလာတာ ဘဏ္ဍာနှစ် ၁၀ နှစ်လောက်ရှိပြီ။ ဒီနှစ်မှာ အရင်နှစ်ကထက် ကျပ် ဘီလျံ ၂၀၀၀ နီးပါးပိုသုံးမယ်ဆိုပေမဲ့ ဒေါ်လာစျေးနဲ့တွက်ရင်တော့ ဒေါ်လာနှစ်ဘီလျံလောက်ပဲ ဆက်သုံးတဲ့သဘောကို မြင်ရတာပေါ့။ ကျပ်ငွေက တန်ဖိုးကျ ဖောင်းပွနေတော့ “ဟာ တပ်က ဘီလျံ ၂၀၀၀ လောက်တောင် ပိုသုံးနေတယ်၊ တိုက်ပွဲတွေအတွက် ငွေအရမ်းသုံးတယ်”လို့ မြင်စရာဖြစ်ပေမဲ့ ဒေါ်လာစျေးနဲ့တွက်ရင်တော့ အရင်နှစ်တွေလိုပဲ ဆက်သုံးတယ်လို့ ပြောရမဲ့သဘောဖြစ်နေတယ်” ဟု ဘတ်ဂျက်လေ့လာသူ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။
၂၀၂၃-၂၀၄ ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များသို့ ထောက်ပံ့မှုများအပါအဝင် ကျပ် ၁၉၉၅၆ ဘီလျံကျော် သုံးစွဲမည်ဖြစ်ပြီး ရငွေမှာ ကျပ် ၁၃၀၆၄ ဘီလျံကျော်ဖြစ်သဖြင့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၏ လိုငွေမှာ ကျပ် ၆၈၉၂ ဘီလျံကျော်ရှိလာမည်ဖြစ်သည်။