၇. ၄. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်အနီး မြန်မာနိုင်ငံဘက်ရှိ မြဝတီခရိုင်အတွင်း ဧပြီလ ၅ ရက်မှစတင်၍ မြန်မာ့တပ်မတော်နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်အတွင်းရှိ မဲဆောက်နှင့် မဲရာမတ်ခရိုင်များသို့ စစ်ပြေးဒုက္ခသည်များအဖြစ် နယ်စပ်ကိုဖြတ်လျက် ထွက်ပြေးလာကြသူ မြန်မာနိုင်ငံသား ၅,၀၀၀ ကျော်ထိရှိလာပြီဖြစ်ကြောင်း ဧပြီလ ၇ ရက် နံနက်သတင်းများက ဖော်ပြခဲ့ကြသည်။
တက်ခ်ပြည်နယ်အတွင်းရှိ လုံခြုံရေးအရင်းအမြစ်တစ်ခု၏ ပြောကြားချက်အရ မဲဆောက်နှင့်မဲရာမတ်ခရိုင်များသို့ မြန်မာနိုင်ငံဘက်မှ ရောက်ရှိလာသည့် စစ်ပြေးဒုက္ခသည် ၅,၄၂၈ ဦးရှိလာပြီဟုလည်း သိရသည်။
ထိုင်းအာဏာပိုင်များက မဲရာမတ်ခရိုင်အတွင်း စစ်ပြေးဒုက္ခသည် ၃,၂၆၄ ဦးအတွက် ခေတ္တနေထိုင်ရန်နေရာ လေးနေရာနှင့် မဲဆောက်ခရိုင်အတွင်း စစ်ပြေးဒုက္ခသည် ၂,၁၆၄ ဦးအတွက် ခေတ္တနေထိုင်ရန်နေရာ ခြောက်နေရာတို့ကို စီစဉ်ပေးခဲ့သည်။ ထိုဒုက္ခသည်များတွင် ကလေး ၈၀၀ ဦးခန့်ပါဝင်ကြောင်းလည်း အာဏာပိုင်များက ပြောခဲ့သည်။
တိုက်ပွဲများအတွင်း မဲဆောက်နှင့် မဲရာမတ်ခရိုင်နှစ်ခုစလုံးအတွင်းသို့ ကျည်ဆံများ ရောက်ရှိလာကြသည်ဟု ထိုင်းအာဏာပိုင်များက ပြောခဲ့သည်။ မြန်မာနိုင်ငံ၏ ရွှေကုက္ကိုမြို့သစ်အတွင်းရှိ အထူးစီးပွားရေးဇုံမှာလည်း ပစ်ခတ်မှုများအတွင်း သက်ရောက်မှုရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံဘက်တွင် လက်ရှိအချိန်အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ရာ စစ်ပြေးဒုက္ခသည်များ ထပ်မံရောက်ရှိလာနိုင်သေးသည်ဟုလည်း သတင်းများက ဆိုခဲ့သည်။
Ref—Bangkok Post