၇. ၄. ၂၀၂၃
Written by Ye Kyaw
ယခုဘဏ္ဍာနှစ်အတွက် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၂ ဘီလျံခွဲရရှိမည်ဟု ခန့်မှန်းထား၍ ယခင်နှစ်ထက် ဒေါ်လာ ၃ ဘီလျံအထိ တိုးမြှင့်ခန့်မှန်းထားပြီး ကုန်သွယ်မှုပိုငွေ ဒေါ်လာသန်း ၅၀၀ ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်တွင် ဖော်ပြထားသည်။
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၁၆ ဒသမ ၅ ဘီလျံနှင့် သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၁၆ ဘီလျံ စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၂ ဒသမ ၅ ဘီလျံရရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားပြီး ကုန်သွယ်ရေးကဏ္ဍတွင် ပို့ကုန်တင်ပို့မှုသည် သွင်းကုန်တင်သွင်းမှုထက် ဒေါ်လာသန်း ၅၀၀ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံနှင့် သွင်းကုန်တင်သွင်းမှုမှ ဒေါ်လာ ၁၄ ဘီလျံဖြင့် စုစုပေါင်းပြည်ပကုန်သွယ်မှု ဒေါ်လာ ၂၉ ဒသမ ၅ ဘီလျံရရှိရန် လျာထားခဲ့ကြောင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အရ အသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဘီလျံနီးပါးရရှိခဲ့ပြီး ခန့်မှန်းထားသည့် ပမာဏထက် ဒေါ်လာ ၄ ဘီလျံကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃ ဘီလျံ ပို၍ရရှိနိုင်မည်ဟု ခန့်မှန်းထားခြင်းလည်းဖြစ်သည်။