၇. ၄. ၂၀၂၃
Written by Nay Aung
အွန်ုလိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လုပ်ကိုင်ရန် အတင်းအကြပ်ခိုင်းစေခံရပြီး မြန်မာနိုင်ငံရှိလူကုန်ကူးဂိုဏ်းများထံ ဖမ်းဆီးခံထားရသော တရုတ်နိုင်ငံသားကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း တရုတ်အစိုးရက သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါတရုတ်နိုင်ငံသားသည် မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများ၏ မက်လုံးပေးဆွဲဆောင်ခံရပြီးနောက် အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများတွင် ဥပဒေနှင့်မညီသော အလုပ်များ လုပ်ကိုင်စေရန် ရှမ်းပြည်နယ် တာချီလိတ်မြို့သို့ ပို့ဆောင်ခံခဲ့ရကြောင်း သိရသည်။ အဆိုပါ တရုတ်နိုင်ငံသားသည် မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများ၏ ဖမ်းဆီးခံထားရချိန်အတွင်း ရိုက်နှက်ခံရခြင်း၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းများနှင့်လည်း ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် လူကုန်ကူးဂိုဏ်းများ၏ ဖမ်းဆီးခြင်းခံထားရသော တရုတ်နိုင်ငံသားကို ပြန်လည်ကယ်ထုတ်နိုင်ရန်အတွက် မြန်မာရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကာ ဘေးအန္တရာယ်ကင်းစွာဖြင့် ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း ပြောသည်။
တရုတ်သံရုံးက တရုတ်နိုင်ငံသားများအနေဖြင့် မြင့်မားသောလစာနှုန်းဖြင့် အလုပ်အကိုင်ကောင်းများလုပ်ဆောင်ရမည်ဟု အွန်လိုင်းမှတစ်ဆင့် မက်လုံးပေးခေါ်ဆောင်မှုများကို မယုံကြည်ရန် တိုက်တွန်းထားသည်။ တရုတ်နိုင်ငံသားများအနေဖြင့် မြန်မာလူကုန်ကူးဂိုဏ်းများ၏ ဖမ်းဆီးထိန်းသိမ်းခံရမည်ဆိုလျှင် ပြန်လည်ကယ်ထုတ်နိုင်ရန်အတွက် မိသားစုများအနေဖြင့် တရုတ်ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ မြန်မာရဲတပ်ဖွဲ့ထံ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။
တရုတ်သံရုံးက တရုတ်နှင့်မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများတွင် သန့်ရှင်းသောဝန်းကျင်ကို ဖန်တီးနိုင်ရန် တရားမဝင်လုပ်ငန်းများလုပ်ကိုင်မှုများကို ဖြိုခွင်းနိုင်ရန် မြန်မာနိုင်ငံကို တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း မတ်လ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
Ref—- Global Times