MT News
၇. ၄. ၂၀၂၃
“ထိုင်ဝမ်ကိုအသုံးချ၍ တရုတ်နိုင်ငံကို ထိန်းချုပ်ရန်ကြိုးပမ်းမှု” အား ရပ်တန့်ပြီး မှားယွင်း၍ အန္တရာယ်များသည့်လမ်းကို အမေရိကန်နိုင်ငံ မလျှောက်လှမ်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ထိုင်ဝမ်သမ္မတ Tsai Ing-wen(မူရင်းတွင် ထိုင်ဝမ်ဒေသခေါင်းဆောင်) ၏ အမေရိကန်နိုင်ငံသို့ “ခရီးတစ်ထောက်နား” သွားရောက်ခြင်းနှင့်ပတ်သက်ပြီး သတိပေးလိုက်သည်။
လတ်တလောရက်ပိုင်းတွင် အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ လေးလေးနက်နက် ကန့်ကွက်မှုနှင့် ထပ်တလဲလဲ သတိပေးမှုများကို ဂရုမပြုဘဲ ထိုင်ဝမ်ဒေသခေါင်းဆောင် Tsai Ing-wen အမေရိကန်နိုင်ငံသို့ “ခရီးတစ်ထောက်နား” လာရောက်ခြင်းကို ခွင့်ပြုခဲ့သည့်အပြင် အမေရိကန်နိုင်ငံအစိုးရ၏ တတိယအကြီးဆုံးပုဂ္ဂိုလ်၊ အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy က Tsai Ing-wen နှင့် ပေါ်ပေါ်တင်တင်တွေ့ဆုံခဲ့ပြီး အမေရိကန်အစိုးရအရာရှိ၊ လွှတ်တော်အမတ်များကလည်း Tsai Ing-wen နှင့်ထိတွေ့ဆက်ဆံကာ Tsai Ing-wen မှ “ထိုင်ဝမ်ခွဲထွက်ရေး” စကားများပြောကြားရန်အတွက် ပလက်ဖောင်းထောက်ပံ့ပေးလိုက်သည်။
ထိုသို့လုပ်ဆောင်ပေးခြင်းသည် လက်တွေ့တွင် အမေရိကန်နှင့်ထိုင်ဝမ်တို့ အပြန်အလှန်ချိတ်ဆက်၍ “ခရီးတစ်ထောက်နားခြင်း” ဟူသည့်ခေါင်းစဉ်ဖြင့် “ထိုင်ဝမ်ခွဲထွက်ရေး” သမားများ အမေရိကန်နိုင်ငံတွင် နိုင်ငံရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ အမေရိကန်နှင့်ထိုင်ဝမ် တရားဝင်ဆက်ဆံခြင်း၊ အမေရိကန်-ထိုင်ဝမ်လက်တွေ့ဆက်ဆံရေးမြှင့်တင်ခြင်းတို့အား ခွင့်ပြုခြင်းပင်ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ရှုမြင်သည်။
အဆိုပါလုပ်ရပ်သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက်သုံးခု၏ သတ်မှတ်ချက်များကို ပြင်းထန်စွာချိုးဖောက်နေပြီး တရုတ်နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ဆိုးရွားစွာထိခိုက်စေသည့်အပြင် “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုများထံ ဆိုးရွားစွာမှားယွင်းသည့် အချက်ပေးနေမှုပင်ဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံက ပြတ်သားစွာကန့်ကွက်၍ ပြင်းထန်စွာရှုတ်ချသည်ဟုလည်း ပြောသည်။
တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယေဘုယျသဘောတူညီချက်နှင့် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံမူဖြစ်သကဲ့သို့ တရုတ်-အမေရိကန်က သံတမန်ဆက်ဆံရေး ထူထောင်၍ဖော်ဆောင်သည့် လိုအပ်ချက်နှင့်အခြေခံလည်းဖြစ်သည်။ အမေရိကန်သည် တရုတ်-အမေရိကန်ပူးတွဲကြေညာချက်သုံးခုအတွင်း၌ ထိုင်ဝမ်နှင့် တရားဝင်မဟုတ်သောဆက်ဆံရေးသာ ထိန်းသိမ်းထားမည်ဟု အတိအလင်းကတိပြုထားပြီးဖြစ်သည်။ သို့သော် ကာလကြာရှည်စွာ အမေရိကန်သည် “ထိုင်ဝမ်ကိုအသုံးချ၍ တရုတ်နိုင်ငံကိုထိန်းချုပ်ရန်ကြိုးပမ်းမှု” မဟာဗျူဟာအား ခေါင်းမာစွာကျင့်သုံးပြီး ၎င်းကတိပြုထားမှုကိုချိုးဖောက်ခဲ့သည်။ ထိုင်ဝမ်နှင့် တရားဝင်ဆက်ဆံခြင်း၊ ထိုင်ဝမ်သို့စစ်လက်နက်များရောင်းချ၍ စစ်ရေးဆိုင်ရာပတ်သက်မှုရှိခြင်း၊ ထိုင်ဝမ်၏ “နိုင်ငံတကာနေရာ” တိုးချဲ့ခြင်းတွင်ကူညီပေးခြင်း စသည့်ကဏ္ဍများတွင် စဉ်ဆက်မပြတ်ရန်စလာပြီး တရုတ်နိုင်ငံတည်းမူဝါဒ မှေးမှိန်အဓိပ္ပာယ်မဲ့လာစေရန် အဆက်မပြတ်ဆောင်ရွက်လာသည်။
Tsai Ing-wen သည် စတင်တာဝန်ထမ်းဆောင်လာကတည်းက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ပေါ်လွင်စေသည့် “၁၉၉၂ သဘောတူညီချက်” ကိုလက်ခံခြင်းမရှိဘဲ ထိုင်ဝမ်ကျွန်းစုအတွင်း “ထိုင်ဝမ်ခွဲထွက်ရေး” စကားအမျိုးမျိုးကို ခွင့်ပြု၊ အားပေး၊ ဖော်ဆောင်ခဲ့ကာ ခေါင်းစဉ်ပြောင်း၍ “ထိုင်ဝမ်ခွဲထွက်ရေး” ကို ဖော်ဆောင်ခဲ့သောကြောင့် နှစ်ဖက်ကမ်းဆက်ဆံရေးကို ဆိုးရွားသည့်အခက်အခဲတွင်းသို့ ကျရောက်စေခဲ့သည်။ ထိုင်ဝမ်အရေးကိစ္စသည် တရုတ်နိုင်ငံအဓိကအကျိုးစီးပွားများ၏ ဗဟိုအချက်အချာဖြစ်ပြီး တရုတ်-အမေရိကန်ဆက်ဆံရေးတွင် စည်းကျော်၍မရသော ပထမဆုံးမျဉ်းနီပင်ဖြစ်သည်။
“ထိုင်ဝမ်ခွဲထွက်ရေး” သည် နှစ်ဖက်ကမ်းဆက်ဆံရေးတည်ငြိမ်အေးချမ်းမှုနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းပင်ဖြစ်ပြီး လမ်းဆုံးတစ်ခုလည်းဖြစ်ပေသည်။ အမေရိကန်-ထိုင်ဝမ်တို့ချိတ်ဆက်သည့် ဆိုးရွားစွာမှားယွင်းသော လုပ်ရပ်ကြီးအတွက် တရုတ်နိုင်ငံသည် ပြတ်သားခိုင်မာသည့်အစီအမံများဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်သည်။ အမေရိကန်နိုင်ငံက တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက်သုံးခုပါ သတ်မှတ်ချက်များကို လိုက်နာစောင့်ထိန်းရန်၊ အမေရိကန်နိုင်ငံခေါင်းဆောင်၏ “ထိုင်ဝမ်ခွဲထွက်ရေး” ကို အားမပေးခြင်း၊ “တရုတ်နှစ်နိုင်ငံ” သို့မဟုတ် “တရုတ်တစ်နိုင်ငံ ထိုင်ဝမ်တစ်နိုင်ငံ” ကိုအားမပေးခြင်းဟူသည့် ကတိပြုချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရန်၊ အမေရိကန်-ထိုင်ဝမ်၏ မည်သည့်တရားဝင်ဆက်ဆံရေးမှန်သမျှကို ချက်ချင်းရပ်တန့်ရန်၊ အမေရိကန်-ထိုင်ဝမ် လက်တွေ့ဆက်ဆံရေးအဆင့်မြှင့်တင်မှုအား ရပ်တန့်ရန်၊ ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများဖြစ်စေနိုင်သည့် အကြောင်းအချက်များ ဖန်တီးခြင်းအား ရပ်တန့်ရန်၊ “ထိုင်ဝမ်ကိုအသုံးချ၍ တရုတ်နိုင်ငံကိုထိန်းချုပ်ရန်ကြိုးပမ်းမှု” အား ရပ်တန့်ပြီး မှားယွင်း၍ အန္တရာယ်များသည့်လမ်းကြောင်းကို ဆက်မလျှောက်လှမ်းရန် ထပ်မံတိုက်တွန်းလိုပါသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက သတိပေးကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ဖော်ပြထားမှုအရ သိရှိရသည်။