◾သတ်မှတ်ရက်အတွင်း ငွေလာပေးမည်ဆိုကာ ရဲစခန်းတွင်အာမခံယူသွားသော်လည်း လာမပေးဟု ပြော
၆. ၄. ၂၀၂၃
Written By Myo Khine
ငွေကြေးလိမ်လည်မှုဖြင့်အမှုဖွင့်ခံထားရသည့် အကယ်ဒမီ မို့မို့မြင့်အောင်နှင့် ဦးမောင်မောင်ကျော်တို့ ဇနီးမောင်နှံ(ယခင်)က ချေးငွေယူကြောင်း ဝန်ခံသွားကာ သတ်မှတ်ရက်အတွင်း ငွေလာပေးမည်ဆိုပြီး ရဲစခန်းတွင် အာမခံယူသွားသော်လည်း လာမပေးသေးကြောင်း အမှုဖွင့်ထားသည့် ကာယကံရှင် တရားလို ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးက MT News သို့ ပြောသည်။
“ရဲစခန်းမှာ အမှုဖွင့်တယ်။ အဲဒီနောက် သူတို့ကိုရော ကျွန်တော့်ကိုရော စစ်တာပေါ့။ သူတို့ကိုက ပုဒ်မ ၄၂၀ လိမ်လည်မှုနဲ့ ဖွင့်လိုက်တာကိုး။ သက်သေတွေကလည်း သူတို့ ယူတယ်ဆိုတာဟုတ်ပါတယ်လို့ ထွက်ဆိုတယ်။ သူတို့ လင်မယားနှစ်ယောက်ကလည်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့က အတူတူ လာပြီးတော့ အစစ်ခံတယ်။ ရဲစခန်းမှာ။ နှစ်ယောက်စလုံးက ယူပါတယ်လို့ ထွက်ဆိုတယ်။ ရဲစခန်းမှာ။ ရဲစခန်းက ဆင့်ခေါ်တဲ့ အတွက်သူတို့ကလာပြီး အစစ်ဆေးခံတာ။ ပြီးတော့ အာမခံ ယူတယ်။ အာမခံယူတဲ့နေ့မှာပဲ ပြောခဲ့တာက ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ပေးပါ့မယ်လို့ ကတိပြုတယ်။ အမှုကို ခဏစောင့်ပေးပါလို့ ပြောတယ်။ ပေးပါမယ်လို့ မေတ္တာရပ်ခံတယ်။ကျွန်တော်တို့က လူမှုရေးအရ စောင့်လိုက်တယ်။ အခု စောင့်နေတာ ဖေဖော်ဝါရီလ၂၂ ရက်နေ့ တစ်ကြိမ်၊ ၂၉ ရက်နေ့ တစ်ကြိမ်၊ မပေးသေးလို့ အကြောင်းကြားတဲ့အခါ ဧပြီလ ၄ ရက်နေ့ကိုချိန်းတယ်။ ဒါပေမဲ့အကြိမ်ကြိမ် ပျက်ကွက်တာကြောင့် ရဲစခန်းကနေပြီးတော့ ဥပဒေအရ တရားရုံးကို တရားစွဲတင်မယ်ဆိုတာ သိရပါတယ်”ဟု ယင်းကပြောသည်။
အကယ်ဒမီ မို့မို့မြင့်အောင်တို့ ဇနီးမောင်နှံက ဦးစိုးလှိုင်ထံတွင် ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် အရေးတကြီး ငွေလိုသည်ဆိုကာ ငွေကျပ် သိန်း ၅၀၀၀ ကို ချေးယူခဲ့ခြင်းဖြစ်ကြောင်း၊ယင်းတို့မှာ လွန်ခဲ့သောနှစ်၂၀ ခန့်ကပင် ခင်မင်ရင်းနှီးခဲ့ကြသူများဖြစ်သည့်အတွက် ကူညီသည့်အနေဖြင့် ချေးပေးလိုက်ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ပြန်လည်ပေးဆပ်ရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့ကာ တိမ်းရှောင်နေသောကြောင့် ပဲခူးတိုင်းဒေသကြီး အင်းတကော်နယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့လင်မယားက ချေးထားတဲ့ သိန်း ငါးထောင်ထဲက သိန်း သုံးထောင်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ တစ်ကြိမ်၊ ကျန်တဲ့ သိန်းနှစ်ထောင်ကို ၂၀၂၃ ခုနှစ် (ဒီနှစ်) ဇန်နဝါရီ ၅ ရက်နေ့မှာတစ်ကြိမ် ပေးဆပ်မယ်လို့ သက်သေတွေ၊ အုပ်ချုပ်ရေးမှူးတွေ ရှေ့မှာ ခံဝန်လက်မှတ်ထိုးခဲ့တယ်။ဒါကြောင့် သူတို့ကို အမှုဖွင့်ခဲ့တာ။ အခု အာမခံယူပြီးတော့ ပိုက်ဆံပေးဖို့ ကတိပြုတယ်။ လာမပေးပြန်ဘူး။ ဒါကြောင့် ရဲစခန်းကနေ တရားရုံးကို တရားစွဲတင်ဖို့အတွက် လုပ်သွားမှာပါ”ဟု ဦးစိုးလှိုင်က ပြောသည်။
အဆိုပါအမှုကို အင်းတကော်ရဲစခန်းက (ပ)၂၀/၂၀၂၃ ၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းက သိရသည်။
အကယ်ဒမီ မို့မို့မြင့်အောင်က ၎င်း၏ ခင်ပွန်းဖြစ်သူမှာ ငွေကြေးအရှုပ်အရှင်းများကို အကြိမ်ကြိမ်ကျူးလွန်ထားသည့်အတွက် လက်မခံနိုင်ဟုဆိုကာကွာရှင်းကြောင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာခဲ့သေးသည်။
သတင်းစာပါ ကြေညာချက်တွင် ဒေါ်မို့မို့မြင့်အောင်နှင့် ဦးမောင်မောင်ကျော်တို့ နှစ်ဦးမှာ လွန်ခဲ့သော ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်ကပင် တရားဝင်အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့ကြောင်း၊ ၎င်းအနေဖြင့် ခင်ပွန်းသည်အား မယားဝတ္တရားနှင့်အညီ ပြုစုပေးခဲ့သော်လည်း ဦးမောင်မောင်ကျော်အနေဖြင့် ဒေါ်မို့မို့မြင့်အောင် လုံးဝသဘောတူသိရှိခြင်းမရှိသော ငွေကြေးအရှုပ်အရှင်းများ အကြိမ်ကြိမ်ကျူးလွန်ထားကြောင်း သိရှိသောအခါ လက်ခံခွင့်လွှတ်နိုင်စွမ်းမရှိသည့်အတွက် နှစ်ဦးသဘောတူညီချက်အရ နိုဝင်ဘာလ ၂၄ ရက်တွင် လသာမြို့နယ်၊ မြို့နယ်တရားသူကြီး အမှတ်(၂) စည်ပင်သာယာတရားရုံး၌ တရားဝင်ကွာရှင်းပြီးဖြစ်ကြောင်း၊ပေါင်းသင်းစဉ်ကာလအတွင်း ဒေါ်မို့မို့မြင့်အောင် သိရှိသဘောတူခြင်းမရှိသော ဦးမောင်မောင်ကျော် ကျူးလွန်ခဲ့သည့် ငွေကြေးအရှုပ်အရှင်းများနှင့် ကွာရှင်းပြီးနောက်ပိုင်း ထပ်မံကျူးလွန်ခဲ့ပါကလည်း အဆိုပါ ငွေကြေးကိစ္စရပ်များကို ဒေါ်မို့မို့မြင့်အောင်အနေဖြင့် လုံးဝတာဝန်မရှိသည့်အတွက် ဖြေရှင်းဆောင်ရွက်ပေးမည် မဟုတ်ကြောင်း ပါရှိခဲ့သည်။