၆. ၄. ၂၀၂၃
Written by Min Mahar
ယနေ့မနက်ပိုင်းက မြင်းခြံမြို့နယ်တွင် ရဲတပ်ဖွဲ့မှူးရုံးသို့ ရုံးစာများသွားပို့သော ကုက္ကဲရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား သေနတ်သမားများက ပစ်သ-တ်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ဧပြီ ၆ ရက်နေ့မနက် ၁၁ နာရီခန့်လောက်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ထိန်ပန်းကျေးရွာနှင့် တူရွင်းဘိုကျေးရွာကြား မြင်းခြံ-မြို့သာသွားကားလမ်း မိုင်တိုင်အမှတ်(၄၆၅/၂)အနီးတွင် မြင်းခြံမြို့နယ်၊ ကုက္ကဲရဲကင်းစခန်း၌ တာဝန်ထမ်းဆောင်နေသော ရဲတပ်သားတစ်ဦးသည် ရဲတပ်ဖွဲ့မှူးရုံးသို့ ရုံးစာများပို့ဆောင်ရန်အတွက် ဆိုင်ကယ်ဖြင့် ကုက္ကဲရဲကင်းစခန်းမှ တစ်ဦးတည်းထွက်လာခဲ့ရာ အခင်းဖြစ်ပွားသည့်နေရာသို့ ရောက်ရှိစဉ်အတွင်း အမည်မသိသေနတ်သမားများက ပစ်ခတ်သ-တ်ဖြတ်သွားကြောင်း သိရသည်။
အဆိုပါပစ်ခတ်သ-တ်ဖြတ်မှုကြောင့် ရဲတပ်သားသည် ဝမ်းဗိုက်ကို ဖောက်ဝင်သွားသောဒဏ်ရာ ၂ ချက်နှင့် ယာဘက်ပါးကိုဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးနေသဖြင့် အလောင်းအား မွန်းလွဲ ၁၂ နာရီကျော်တွင် မြင်းခြံခရိုင်ပြည့်သူ့ဆေးရုံသို့ ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
၎င်းဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် အခင်းဖြစ်သည့်နေရာ အနီးမှ USA 380 Auto ကျည်ခွံ ၃ ခု သိမ်းဆည်း ရရှိခဲ့ကြောင်းနှင့် ပစ်ခတ်သွားသည့်တရားခံများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သော အသိုင်းအဝိုင်းထံမှ သိရသည်။