၆. ၄. ၂၀၂၃
Written by Nay Aung
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံရေးအခက်ခဲများကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံရေးအကျပ်အတည်းတွင်ပါဝင်နေသော အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပိုမိုလုပ်ဆောင်ခဲ့ပြီး မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရန် တိုးတတ်မှုများလည်းရှိခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ထုတ်ဖော်ပြောဆိုလိုက်သည်။
တွေ့ဆုံဆွေးနွေးမှုများကို ငြိမ်းချမ်းရေးအစီအစဉ်များအတိုင်းလုပ်ဆောင်လျက်ရှိနေပြီး ယခင်ကတွေ့ဆုံဆွေးနွေးခဲ့ခြင်းမရှိသော အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရက်နိုမာဆူဒီက ပြောသည်။ သို့သော် မည်သည့်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဆိုသောအချက်ကိုမူ ရက်နိုမာဆူဒီက ထုတ်ဖော်ပြောဆိုမှု မရှိခဲ့ကြောင်း သိရသည်။
မြန်မာ နစကခေါင်းဆောင်နှင့် အာဆီယံခေါင်းဆောင်များအကြား ရရှိထားသော အာဆီယံသဘောတူညီချက်များ အကောင်အထည်ဖော်ရေးမှာ အင်ဒိုနီးရှားနှင့် အာဆီယံအဖွဲ့၏ အဓိကဦးစားပေးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးအခက်အခဲများ အဆုံးသတ်နိုင်ရန် စေ့စပ်ဆွေးနွေးမှုများက အဓိကအရေးပါနေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ” အဓိကရည်မှန်းချက်က ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်နိုင်ဖို့၊ အာဆီယံရဲ့စုစည်းညီညွတ်မှုတွေ ပိုမိုခိုင်မာလာဖို့ လုပ်ဆောင်နေပါတယ်။ မြန်မာ့ နိုင်ငံရေး ပြဿနာမှာ ပါဝင်နေတဲ့အဖွဲ့အစည်းများနဲ့ စေ့စပ်ဆွေးနွေးမှုကနေ အာဆီယံရဲ့သဘာတူညီချက်များ အကောင်အထည်ဖော်မှုတွေ ပိုမိုအားကောင်းလာအောင်လုပ်ဆောင်နေပါတယ်”ဟု ပြောသည်။
ထို့အပြင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူများကို ကူညီထောက်ပံ့ပေးနိုင်ရန် အာဆီယံ၏ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့ဖြစ်သည့် (AHA Centre) နှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း ရက်နိုမာဆူဒီက ပြောသည်။
မြန်မာနိုင်ငံတွင် အာဏာပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဆီယံသည် မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ရန် ကြားဝင်ဆောင်ရွက်ခဲ့ပြီး အာဆီယံခေါင်းဆောင်များနှင့် နစကခေါင်းဆောင်အကြား ၂၀၂၁ ခုနှစ် ဧပြီလတွင် သဘောတူညီချက်ငါးချက် ရယူနိုင်ခဲ့ကြောင်း သိရသည်။
Ref—- straitstimes