၆. ၄. ၂၀၂၃
Written by Nay Aung
မဲခေါင်မြစ် ကော်မရှင်(MRC) ထိပ်သီးအစည်းအဝေးအတွင်း နိုင်ငံရေးအစီအစဉ်များပါဝင်လာမည်ဆိုလျှင် မြန်မာနိုင်ငံအနေဖြင့် မဲခေါင်မြစ်ကာကွယ်ရေးနည်းပညာပိုင်းပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း မြန်မာအစိုးရတာဝန်ရှိသူတစ်ဦးက သတိပေး ပြောဆိုလိုက်ကြောင်း သိရသည်။
မဲခေါင်မြစ်ကို ကယ်တင်နိုင်ရန် ဒေသအတွင်းပူးပေါင်းဆောင်ရွက်ရေးအတွက် မဲခေါင်မြစ်ကော်မရှင်(MRC) ထိပ်သီးအစည်းအဝေးကို လာအိုနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းတက်ရောက်ခဲ့ကာ ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မဲခေါင်မြစ်သည် အာရှတိုက်တွင် တတိယအရှည်ဆုံးမြစ်ဖြစ်ပြီး တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိနေသောမြစ်ဖြစ်ကြောင်း သိရသည်။ မဲခေါင်မြစ်ကော်မရှင် ထိပ်သီးအစည်းအဝေးကို လာအိုနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာအစိုးရတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ထိုအစည်းအဝေးတွင် MRC ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သော ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဆွတ်ဇာလန်သံအမတ်ကြီးဖြစ်သော Mr Pedro Zwahlen က ” မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လူသားချင်းဆိုင်ရာ စာနာမှုအကူညီများ၊ စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေဆိုးရွားမှုတွေက မဲခေါင်မြစ်ကို ကယ်တင်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းမှုတွေကို အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုများ ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေခြင်းက မဲခေါင်ဒေသကို မတည်ငြိမ်မှုတွေ ပိုမိုဖြစ်လာဖွယ်ရှိနေပါတယ်။ မဲခေါင်မြစ် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်အဖွဲ့အစည်း၊ နိုင်ငံတွေဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေး အခက်အခဲများအတွက် အဖြေရှာဖို့ ပါဝင်နေသူအားလုံးနဲ့ စေ့စပ်ဆွေးနွေးဖို့၊ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းတောင်းဆိုပါတယ်။ နစကကိုလည်း အာဆီယံသဘောတူညီချက်ငါးချက်ကို လျင်မြန်စွာ အကောင်ထည်ဖော်ဖို့ တိုက်တွန်းပါတယ်” ဟု ပြောခဲ့သည်ဟု သိရသည်။
မဲခေါင်မြစ်ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်နိုင်ငံများတွင် သြစတြေးလျ၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်၊ ဂျပန်၊ နိုင်ငံတို့ ပါဝင်နေပြီး မြန်မာနိုင်ငံရေးနှင့်ပတ်သက်သော ထုတ်ပြန်ချက်ထဲတွင် ယင်းကဲ့သို့ တိုက်တွန်းထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတွက် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ၎င်းအနေဖြင့် မြန်မာအစိုးရနှင့် နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်စားတက်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ MRC ထိပ်သီးအစည်းအဝေးသည် ရေအရင်းအမြစ်များအတွက် ပူးပေါင်းဆောင်ရွက်ရန် ဖွဲ့စည်းထားသော ပရော်ဖက်ရှင်နယ်အဖွဲ့စည်းဖြစ်ကြောင်း၊ အစည်းအဝေးအတွင်း နိုင်ငံတစ်နိုင်ငံနှင့်ပတ်သက်သော နိုင်ငံရေးအစီအစဉ်များ မပါဝင်သင့်ကြောင်း၊ အစည်းအဝေး အစီအစဉ်အတွင်း နိုင်ငံရေးအစီအစဉ်များပါဝင်မည်ဆိုလျှင် MRC နှင့် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှုများကို ရပ်စဲသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။
Ref—- straitstimes