၆. ၄. ၂၀၂၃
Written by Hey Mar
ယနေ့ ဧပြီလ ၆ ရက် နံနက် ၁၀ နာရီ ဝန်းကျင်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၄၅/၀) နှင့် (၄၅/၁)ကြားတွင် ယာဥ်တိမ်းမှောက်မှုဖြစ်ပွား ရာလူသေဆုံးမှုရှိခဲ့ကြောင်း ရန်ကုန်လူမှုကူညီရေးအသင်းမှသိရသည်။
ဖြစ်စဥ်မှာ Isuzu Bighorn အမျိုးအစား ယာဉ်(၁)စီးသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၀)နှင့် (၄၅/၁)ကြားတွင် ရှေ့ညာဘက်ဘီးကျွတ်ထွက်ပြီး ယာဉ်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“မှောက်တဲ့ကားက ရန်ကုန်၊ မြောက်ဥက္ကလာ ကျောက်ရေတွင်းကပါ။ ဘောနတ်ကြီးအမြန်လမ်းမီးသတ်တပ်ဖွဲ့က ရှာဖွေကူညီရေးတွေလုပ်ဆောင်ပေးခဲ့ပြီး အမြန်လမ်းကြက်ခြေနီ သူနာတင်ယာဥ်နဲ့ ပဲခူးဆေးရုံကို ပို့ထားပါတယ်”ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက MT News သို့ ပြောသည်။
အဆိုပါယာဥ်တိမ်းမှောက်မှုဖြစ်စဥ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦး၊ မ(၅)ဦး စုစုပေါင်း (၈)ဦးအနက် ကျား(၁)ဦးနှင့် မ(၂)ဦး ထိခိုက်ဒဏ်ရာရရှိကာ၊ မ(၁)ဦး (သေဆုံး)ခဲ့သည်ဟု သိရသည်။