၆. ၄. ၂၀၂၃
Written by Peya
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ဘုရားပုံတော်များကို မြေကြီးပေါ်ချပြီး အဂါရဝဖြစ်အောင် မရောင်းချရန်အတွက် အသိပေးရှင်းလင်းထားရာ လိုက်နာဆောင်ရွက်မှုရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပုဂံဌာနခွဲမှ ညွန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက MT News သတင်းဌာနသို့ ပြောသည်။
အဆိုကိစ္စနှင့် ပတ်သက်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းက ဘုရားဂေါပကများနှင့် စျေးသည် ကိုယ်စားလှယ်များကို တွေ့ဆုံကာ အသိပေးရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
“စေတီတော်ပုံတွေ၊ ဘုရားပုံတော်တွေကို မြေကြီးပေါ်မှာ ချရောင်းတာ။ အဲဒါက ဗုဒ္ဓဘာသာအတွက် အဂါရဝဖြစ်တာပေါ့။ အဲဒါမျိုး မရောင်းဖို့နဲ့ စနစ်တကျ ရောင်းဖို့ပေါ့နော်။ ရှုခင်းပုံတွေဆို ကိစ္စမရှိဘူး။ ဘုရားပုံတွေတွေ၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေ၊ ဘုန်းတော်ကြီးပုံတွေကိုလည်း အပေါ်မှာ ချိတ်ရောင်းဖို့၊ မြေကြီးပေါ် မရောင်းဖို့ပေါ့” ဟု ဦးကျော်မျိုးဝင်းက ဆိုသည်။
ထို့အပြင် မသင့်တော်သော နေရာများတွင် ဘုရားပုံတော်များကို တက်တူးထိုးထားခြင်း မလုပ်ရန်၊ မင်္ဂလာပွဲအကြို ဓာတ်ပုံရိုက်ရာတွင်လည်း မသင့်တော်သော ပုံစံရိုက်ခြင်း၊ ဘုရားပေါ် ကျော်ခွတက်ပြီး ရိုက်ခြင်းမျိုး မလုပ်ရန်နှင့် တွေ့လျှင် တားရန်၊ မတားနိုင်လျှင် သက်ဆိုင်ရာကို သတင်းပို့ရန် အသိပေးထားကြောင်းလည်း ၎င်းက ဆိုသည်။
“ဒီနေ့ပဲ ဘယ်လို စနစ်တကျ ရောင်းချနေပြီ ဆိုတာလည်း ကျွန်တော်တို့ဆီ အစီရင်ခံစာတွေ တက်ပါပြီ” ဟု ဦးကျော်မျိုးဝင်းက ဆိုသည်။