MT News
၆. ၄. ၂၀၂၃
PDF များကို အားပေးထောက်ပံ့သည်ဟုဆိုကာ မန္တလေးမြို့ရှိ အညာသားကြီးရိုးရာအဝတ်အထည်ဆိုင် နေအိမ်ချိပ်ပိတ်ခံရပြီး ဆိုင်ရှင်ဇနီးမောင်နှံနှင့် ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရသည်ဟု ကနဦးသတင်းများအရ သိရသည်။
အဆိုပါချိပ်ပိတ်မှုဖြစ်စဥ်မှာ ဧပြီ ၅ ရက် နံနက် ၁၁ နာရီ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်ရှိ အညာသားကြီးရိုးရာ အထည်ဆိုင်နှင့် နေအိမ်တို့ကို အကြမ်းဖက်မူအားပေးထောက်ပံ့ကူညီသည်ဟုဆိုကာ ဆိုင်ပိုင်ရှင် လင်မယား( ၂ )ဦးနှင့် ဆိုင်ဝန်ထမ်းအမျိုးသမီး(၁)ဦး စုစုပေါင်း(၃)ဦးတို့ကို ဝင်ရောက်ဖမ်းဆီး ချိပ်ပိတ်ခဲ့သည်ဟု Myanmar Revolution Heros Force- MDY က ဆိုသည်။
ဖမ်းဆီးခံရသူများမှာ မနော်မာဒီ၊ ကိုကောင်းကျော်ဇံတို့ ဇနီးမောင်နှံနှင့် မမိုးငယ်တို့ဖြစ်သည်ဟုလည်း သိရှိရပြီး ထိုသူများကို မတ်လကုန်ပိုင်းကတည်းက ဖမ်းဆီးထားခြင်းဖြစ်ကာ ဧပြီ ၅ ရက်တွင်မှ နေအိမ်ကို ချိပ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။
“သူတို့မိသားစုကို မတ်လအကုန်ပိုင်းထဲကတည်းက အကြမ်းဖက်ထောက်ပံ့မှုလုပ်လို့ဆိုပြီး ဖမ်းသွားတာ။ အခုကတော့ စစ်ဆေးပေါ်ပေါက်လို့ နေအိမ်ကိုပါ လာ ချိပ်ပိတ်တယ်လို့ သိရတာပေါ့” ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။
MT News သတင်းဌာနအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းအတည်ပြုရန် ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရသည်များကို ဖော်ပြပေးမည်ဖြစ်သည်။