၆. ၄. ၂၀၂၃
Written by Tha Doe
ရွှေသံလွင်ထရေးဒင်းကုမ္ပဏီလီမိတတ်ကို ယခင် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေလက်ထက် ၂၀၁၀ ပြည့်နှစ်က ရောင်းချခဲ့သော စက်သုံးဆီဆိုင် ၁၃ ဆိုင်အနက် နှစ်ဆိုင်၏ တန်ဖိုးအား SAC လက်ထက်တွင် ပြန်လည်ပြင်ဆင်ပြီး မြေတန်ဖိုး၏ ၉၀ ရာခိုင်နှုန်း ကျပ်သန်း ၁၀၀ ခန့် ထပ်မံသွင်းခိုင်းလိုက်ကြောင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ သိရသည်။
ဖြစ်စဥ်များမှာ၂၀၁၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့တွင် ကျင်းပခဲ့သော ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ (၁/၂၀၁၀) ကြိမ်မြောက် အစည်းအဝေးမှ သဘောတူအတည်ပြုချက်အရ စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန(ယခင်မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း)လက်အောက်ရှိ စက်သုံးဆီအရောင်းဆိုင် (၁၃) ဆိုင်အား ရွှေသံလွင်ထရေးဒင်းကုမ္ပဏီလီမိတက်သို့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၇/၂၀၁၁) ဖြင့် လွှဲပြောင်းရောင်းချခဲ့သည်။
ထို့နောက် လက်ရှိ SAC အစိုးရလက်ထက်၂၀၂၂ ခုနှစ် ဇူလိုင် ၈ ရက်နေ့တွင် ကျင်းပခဲ့သော ကော်မရှင်၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ စက်သုံးဆီဆိုင်အမှတ် (၁၁၆၃)၊ ဒိုက်ဦး မြေဧရိယာ ၁ ဒသမ ၁၄၄၈ ဧကအတွက် မြေတန်ဖိုး၏ ၉၀ ရာခိုင်နှုန်း ကျပ် ၅၄ ဒသမ ၇၃ သန်းနှင့် စက်သုံးဆီဆိုင်အမှတ် (၀၁၅၉)၊ ကတုတ်မြေဧရိယာ ၀ ဒသမ ၁၂ ဧကအတွက် မြေတန်ဖိုး၏ ၉၀ ရာခိုင်နှုန်း ကျပ် ၄၃ ဒသမ ၂၀သန်း စုစုပေါင်း ကျပ် ၉၇ ဒသမ ၉၃ သန်း ထပ်မံပေးသွင်းစေခဲ့သည်ဟု သိရသည်။
ထိုသို့ ထပ်မံပေးသွင်းစေခြင်းကို ရွှေသံလွင်ထရေးဒင်းကုမ္ပဏီလီမိတက်မှ ငွေတိုက်ဦးစီးဌာန၊ ငွေစာရင်းအမှတ် MD-012672 သို့ ၁၂-၉-၂၀၂၂ ရက်နေ့တွင် ပေးသွင်းပြီးဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ၁၁-၁ဝ-၂ဝ၂၂ ခုနှစ် အောက်တိုဘာ ၁၁ ရက် ရက်စွဲပါစာဖြင့် ပြန်လည် တင်ပြထားသည်ဟုလည်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ သိရသည်။