MT News
Written by Nay Aung
ထိုင်းရဲတပ်ဖွဲ့သည် Nakhon Sawan ပြည်နယ် Chum Saeng ခရိုင် Phan Lan မြို့ရှိ ဘဲမွေးမြူရေးခြံတွင် ဖြစ်ပွားခဲ့သော လူသ-တ်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသား ဘဲခြံအလုပ်သမားကို ဧပြီ ၄ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဘဲခြံနားရှိတူးမြောင်းတွင် ရေနစ်သေဆုံးနေသော ထိုင်းနိုင်ငံသား Mr. Mongkhon Meesaweng ၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးခဲ့ချိန်တွင် ဘဲခြံအလုပ်သမားအဖြစ် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား စောအောင်ဆိုသူကို ဖမ်းဆီးရမိခဲ့ကြောင်း Chum Saeng ရဲစခန်းမှ ရဲမှူးကြီး Mawin Samol က ပြောသည်။
ဘဲခြံအတွင်းလူသတ်မှုသည် ဧပြီ ၂ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ခဲ့ကြောင်း ဘဲခြံအလုပ်သမားဖြစ်သော မြန်မာနိုင်ငံသားကိုယ်တိုင်က လူသတ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထားသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
အသက် ၄၀ အရွယ်ရှိ စောအောင်က သေဆုံးသွားသော ထိုင်းနိုင်ငံသား၏ ဘဲခြံတွင် နှစ်ပေါင်းများစွာကြာ အလုပ်လုပ်ခဲ့ကြောင်း ၊သေဆုံးသွားသူသည် ၎င်းအပေါ် အနိုင်ကျင့်မှုများရှိခဲ့ပြီး ဧပြီ ၂ ရက်နေ့က သေဆုံးသွားသော ထိုင်းနိုင်ငံသားနှင့်အရက်အတူသောက်ရာမှ အငြင်းပွားမှုများဖြစ်ပွားခဲ့ရာ ရိုက်နှက်ကန်ကြောက်ခံရမှုများရှိခဲ့ကြောင်း ဝန်ခံပြောဆိုထားသည်။
ထို့အတွက် ၎င်းအနေဖြင့် ထိုင်းနိုင်ငံသား၏ ရိုက်နှက်ကန်ကြောက်မှုများ ခံရသော်လည်း ပြန်လည်တိုက်ခိုက်ခဲ့ခြင်းမျိုး မရှိခဲ့သော်လည်း ရန်ပွဲပြီးဆုံးသွားပြီး မကြာမီတွင် ၎င်းက သစ်သားတုတ်တစ်ချောင်းကို ကိုင်ဆောင်ပြီး ထိုင်းနိုင်ငံသား Mr. Mongkhon Meesaweng ၏ ဦးခေါင်းကို ရိုက်ခဲ့ကြောင်း စောအောင်က ဝန်ခံထားသည်။
ထိုင်းနိုင်ငံသားသည် ဦးခေါင်းကိုတုတ်ဖြင့် အရိုက်ခံရပြီးနောက် ထွက်ပြေးရန် ဘဲခြံနားရှိတူးမြောင်းထဲကို ခုန်ဆင်းသွားခဲ့ပြီး ပြန်မပေါ်လာခဲ့ကြောင်း စောအောင်က ထွက်ဆိုထားသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
စောအောင်သည် ထိုင်းနိုင်ငံသားကို သတ်ခဲ့ပြီးနောက် အခန်းကိုပြန်ကာ ပိုက်ဆံနှင့်ပစ္စည်းများယူကာ ထွက်ပြေးခဲ့ကြောင်းလည်း ဝန်ခံထားသည်။
Ref—- 77 kaoded