၆. ၄. ၂၀၂၃
Written by Nyein Kyaw
သင်္ကြန်ရုံးပိတ်အတွင်း ပို့ကုန်/သွင်းကုန် လိုင်းစင်ထုတ်ပေးခြင်းအပြင် ရေကြောင်းနှင့် လေကြောင်းမှ တင်သွင်း/တင်ပို့မည့် အရေးကြီးကုန်စည်များအား ပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနအသီးသီးမှထုတ်ပြန်ကြေညာထားသည်။
၂၀၂၃ ခုနှစ် ဧပြီလအတွင်း ကျရောက်မည့် သင်္ကြန်ကာလ ရုံးပိတ်ရက်များအတွင်း ကုန်သယ်ရေးဦးစီးဌာန၊ ရုံးချုပ်မှ လိုင်စင်ထုတ်ပေးခြင်း၊ QR Code ခွင့်ပြုပေးခြင်း စသည့် ရုံးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ချထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ ပို့ကုန်/သွင်းကုန်လိုင်စင်ထုတ်ပေးမှုကို ကုန်သွယ်ရေးဇုန်၊ နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပို့ကုန်သွင်းကုန်ရုံးများအနေဖြင့်လည်း ပိတ်ရက်မရှိ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
နယ်စပ်ဒေသ OSS စခန်းများ၊ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးများအနေဖြင့် တင်သွင်းတင်ပို့ခြင်းဆိုင်ရာ အကောက်ခွန်လုပ်ငန်းများအား ပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
မြဝတီ (OSS)၊ မူဆယ် (OSS)နှင့် ချင်းရွှေဟော်(OSS) စခန်းများမှ MACCS စနစ်ဖြင့် တင်သွင်းတင်ပို့ဆောင်ရွက်မည့် ကုမ္ပဏီများအနေဖြင့် ရှင်းလင်းထုတ်ယူလိုသော ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ကျသင့်အခွန်များ ပေးဆောင်ရန်အတွက် Deposit ငွေအလုံအလောက်ထည့်သွင်းထားရန်နှင့် ကျန် Manual စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် OSS စခန်းများအနေဖြင့်လည်း ပုံမှန်လုပ်ငန်းစဥ်များအတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထို့အတူ ရေကြောင်း/ လေကြောင်းမှတစ်ဆင့် တင်သွင်း/တင်ပို့မည့် ကုန်ပစ္စည်းများအား သင်္ကြန်ရုံးပိတ်ရက်များဖြစ်သည့် ဧပြီ ၈ ရက်၊ ဧပြီ ၁၀ ရက်၊ ဧပြီ ၁၂ ရက်၊ ဧပြီ ၁၄ ရက်နှင့် ဧပြီ ၁၆ ရက်များတွင် Overtime (အချိန်ပို) ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အရေးပေါ် ကိုဗစ်ဆေးနှင့် ဆေးဝါးပစ္စည်းများ၊ နိုင်ငံတော်လိုအပ်ချက်အရ အရေးကြီးတင်သွင်းလာသောပစ္စည်းများ ထုတ်ယူနိုင်ရေး ကြိုတင်လျှောက်ထားရန် အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
အချိန်ပိုလုပ်ငန်းဆောင်ရွက်လိုသည့် ကုမ္ပဏီများအနေဖြင့် တင်သွင်း/တင်ပို့လိုသော ကုန်ပစ္စည်းများနှင့် ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနတွင် ကျသင့်ခွန်နှင့် ပတ်သက်သော Deposit ငွေလုံလောက်စွာထားရှိသွားရန်နှင့် အချိန်ပိုလုပ်ငန်းဆောင်ရွက်မှုအား ဧပြီ ၇ ရက် နေ့လည် ၂ နာရီထက်နောက်မကျဘဲ တင်ပြရမည်ဖြစ်သည်။
ထို့ပြင် အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၊ Help Desk Section သည် MACCS စနစ်နှင့် ပတ်သက်၍ သုံးစွဲသူ (User) များ၏ သိရှိလိုသည်များကို မေးမြန်းရန် အခက်အခဲမရှိစေရေးအတွက် လက်ကိုင်ဖုန်း ၀၉-၇၅၇၇၅၅၂၁၁ အချိန်မရွေးမေးမြန်းနိုင်ကြောင်းနှင့် ပုံမှန်ရုံးဖွင့်များတွင် ယခင်ဆက်သွယ်မေးမြန်းလျက်ရှိသည့် ရုံးဖုန်း ၀၁-၃၇၉၄၂၉ သို့ ပြန်လည်မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။