၅. ၄. ၂၀၂၃
Written by Peya
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် ချောင်းသာမြို့ကို ပြေးဆွဲနေသည့် ခရီးသည်တင်ယာဥ်တစ်စီး တိမ်းမှောက်ခဲ့သည့် အတွက် လူတစ်ဦးသေဆုံးကာ ဆယ်ဦးခန့် ဒဏ်ရာရခဲ့ကြောင်း အဆိုပါဖြစ်စဉ်တွင် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည့် ဓမ္မပါလ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ မတ်လ ၅ ရက် နံနက်ပိုင်း ၈ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ခရီးသည်တင်ယာဉ်သည် ချောင်းသာကမ်းခြေမှ ထွက်လာပြီးနောက် ဥတိုကျေးရွာအလွန် မျက်ရှုကွေ့ တွင် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့က ကူညီခဲ့ပါတယ်။ ဘယ်လိုဖြစ်တယ်တော့ မသိပါဘူး။ မှောက်တာတော့ သိတယ်။ ကျွန်တော်တို့ အသင်း သိရတာကတော့ သေတာက တစ်ယောက်ပါ။ ဒဏ်ရာရတာကတော့ ၁၀ ယောက်လောက် ရှိတယ်။ အကြမ်းဖျင်း သိရတာပေါ့။ သေတာက အမျိုးသားပါ။ ကားပေါ်မှာ လူဘယ်လောက်ပါလဲတော့ အတိအကျ မသိဘူး။ ၂၀ ကျော်လောက်တော့ ရှိမယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
သေဆုံးသူမှာ အသက်ကြီးပိုင်းဖြစ်ကာ ဒဏ်ရာရသွားသူများထဲတွင် စိုးရိမ်ရသောလူနာ မပါကြောင်းနှင့် အခင်းဖြစ်ပွားသော နေရာသို့ရောက်ရှိစဉ် ကားကိုဘေးတစောင်းလဲနေသည့် အနေအထားဖြင့် မြင်တွေ့ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။